ဝက်လက်က နဘဲပင်လှရွာကို စစ်အုပ်စုက မီးရှို့ပြိး ဒေသခံတဦးကိုလည်း မီးရှို့သတ်သွား

ဝက်လက်က နဘဲပင်လှရွာကို စစ်အုပ်စုက မီးရှို့ပြိး ဒေသခံတဦးကိုလည်း မီးရှို့သတ်သွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ထိတွေ့ဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့သလို ဒေသခံတဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လူနေအိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ နဘဲပင်လှကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ပဲ ဖြစ်ပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နဘဲပင်လှကျေးရွာထဲကို ဒီနေ့မနက်မှာ လက်နက်တွေ ပစ်ဖောက်ပြီးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန် ရွာထဲကနေထွက်မပြေးဘဲ ကျန်နေခဲ့တဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသားတဦးကို ရိုက်နက်ပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့မှ ဖေဖော်ဝါရီဝမ်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ရွာသားတွေတော့ ရွာထဲကိုပြန်ဝင်သွားပါပြီ၊ နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးဘူး၊ ရွာထဲက အမျိုးသား ၅ ဦးကိုလည်း စကစတွေက ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်။ ရွာသားတဦးကို မီးရှို့သတ်လိုက်တယ်။ ဦးလေးတယောက်ကတော့ ခြေထောက်ကို ထိထားတယ်။ သူ့ကို ရွာဘုန်းကြီးကျောင်းမှာ ထားခဲ့တယ်”လို့ သူက ဆိုပါတယ်။

နဘဲပင်လှကျေးရွာကို မီးရှို့ပြီး မနက် ၁၁ နာရီခွဲလောက်မှာတော့ အဲဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ တမာကန်ရွာထဲကို ဓားစားခံ ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်သွားခဲ့ပြီး ကျေးရွာထဲက လူနေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ အဆိုပါ ထောက်ပံ့အဖွဲ့ဝင်က ပြောပါတယ်။ 

 

စာတည်း −လင်းဇေ

#မြေလတ်အသံ

 #စစ်ကိုင်းတိုင်း  #နဘဲပင်လှကျေးရွာ #ဝက်လက် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10