ဝက်လက် စစ်ရှောင်ပြည်သူ ၄၀၀ ခန့် ဆေးဝါးအကူအညီ လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲက နေအိမ်မီးရှို့ခံရပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ ကျန်းမာရေးချို့တဲ့နေတဲ့အတွက် ဆေးကုသပေးရာမှာ ဆေးဝါးအကူညီလိုအပ်လာပြီလို့ လွတ်လပ်သောထောက်ပို့ရေးအဖွဲ့(ရွှေဘို) ဆီက သိရပါတယ်။

နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့ ရှိမ်းမကားရွာ၊ သဲဘုတ်ကြီးရွာ၊ ရွာသစ်ရွာ၊ အင်ဒေါင်းရွာ၊ အစရှိတဲ့ ရွာတွေက ပြည်သူတွေကိုမတ် ၈ ရက်က လူနာ ၁၈၀ ကျော်နဲ့ မတ် ၉ ရက်မှာ လူနာ ၂၀၀ ကျော်ကို ၂ ရက် ဆက်တိုက် အခမဲ့ဆေးကုသပေးခဲ့ရာ ဆေးဝါးပြတ်လပ်ခဲ့တာလို့ ထောက်ပို့အဖွဲ့တာဝန်ခံ ကိုနေမင်းခန့် က ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကလေးငယ်တွေ ဖျားနာအဖြစ်များပြီး နှာစေး၊ ချောင်းဆိုး၊ ထိခိုက်ရှနာတာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဆေးကုသပေးရသလိုသက်ကြီးရွယ်အိုတွေမှာလည်း ဆီးချို၊ သွေးချို၊ သွေးတိုး ရောဂါတွေ အဖြစ်များပြီး အနာကြီးရောဂါ ဝေဒနာခံစားနေရသူတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဆေးဝါးကုသရာမှာလည်း ရွှေဘိုခရိုင်အတွင်းက CDM ကျန်းမာရေးဆရာ/မတွေက ကူညီစောင့်ရှောက်ပေးတာဖြစ်ပြီး ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ကလည်း ပံ့ပိုးခဲ့ရာ လမ်းခရီးလုံခြုံရေးအတွက် ဗိုလ်ကျားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်ပါကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ပြည်သူ ၃၀၀၀ ကျော်ရှိရာ တချို့တဝက်ကိုသာ ဆေးကုသပေးနိုင်ခဲ့ပြီး ဆက်လက်ကုသပေးဖို့လည်း ကြိုးစားလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူအများစုက ၁ နှစ်ကျော်စစ်ရှောင်နေရတာဖြစ်ပြီး နေအိမ်မီးရှို့ခံရလို့ တောတောင်တွေ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ မြစ်ကမ်းဘေးမှာ ယာယီတဲထိုးကာနေထိုင်နေကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #စစ်ရှောင်ပြည်သူ #ဆေးဝါးလိုအပ် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10