ဝက်လက်နယ်က ရဲစခန်းတိုက်ပွဲမှာ ရဲ ၇ ဦးသေပြီး ရဲစခန်းကိုပါမီးရှို့နိုင်ခဲ့

ဝက်လက်နယ်က ရဲစခန်းတိုက်ပွဲမှာ ရဲ ၇ ဦးသေပြီး ရဲစခန်းကိုပါမီးရှို့နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရာတော်-ရွှေဘိုကားလမ်းပေါ်မှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၁ ရက် ဒီကနေ့မနက်အစော ၂ နာရီခန့်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရာ စခန်းအတွင်းအထိ ဝင်ရောက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့သလို ရဲတပ်သား ၇ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ်  ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ဘက်က သေဆုံးသွားတာကို ကျနော်တို့မျက်မြင်တွေ့ခဲ့ရတာပါ။ အရှင်ဖမ်းမိထားတဲ့ ၁ ဦးကို တပ်ရင်းကပဲ ကိုင်တွယ်ထားပါတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးကုန်တယ်။ ကျနော်တို့ဖမ်းမိတာကတော့ ၁ ယောက်ပဲ နောက်ထပ်ဖမ်းမိတာမျိုးလည်း ရှိနိုင်ပါတယ်” သူက ပြောပါတယ်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ၁ ဦးသေဆုံးကာ ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ရွှေပန်းကုံးနယ်မြေရဲစခန်းကို မီးရှို့နေချိန် စစ်ကောင်စီဘက်က တိုက်ခိုက်ရေးလေယာဉ် ၂ စီးနဲ့ ၁၅ မိနစ်နီးပါး လာရောက်ပစ်ခတ်ခဲ့သလို မနက် ၇ နာရီလောက်မှာလည်း နောက်ထပ် ရဟတ်ယာဉ်တစီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာတော့ ရွာသားတွေထိခိုက်တာ လူနေအိမ်တွေထိခိုက်တာမျိုးတော့မရှိဘူး။ သူတို့က ရွှေပန်းကုံးနဲ့ ရွာတော်ကြားကိုပစ်တာ။ နောက်ပြီး ရဲစခန်းထဲကို ပစ်ချတာ” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီဘက်က လူအင်အားထပ်ဖြည့်ထားတာမျိုး မရှိသေးသလို ရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲတပ်သားတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

ဝက်လက်မြို့နယ်ဘက်ကို ခရီးသွားမယ့် ပြည်သူတွေအနေနဲ့လည်း ဒီနေ့ နိုဝင်ဘာ ၂၁ ရက် နဲ့ ၂၂  ရက်တွေမှာ ရွှေဘို - ဝက်လက် - အုန်းတောလမ်းနဲ့ ရွာသာကြီး - အရာတော်လမ်းတွေကို ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ကို ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ပုံစာ - ရွှေဘိုခရိုင် PDF တပ်ရင်း ၄၊ တပ်ခွဲ ၃ တပ်ဖွဲ့ဝင်တချို့ တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရွှေပန်းကုံး #နယ်မြေရဲစခန်း #စီးနင်းတိုက်ခိုက် #ရဲတပ်သား #သေဆုံးမှု #အရှင်ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10