ဝက်လက်နယ်က နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့

ဝက်လက်နယ်က နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က နေအိမ်၊ ဘုန်းကြီးကျောင်း နဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက ဇွန်လ ၂၇ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စဉ့်ကူးမြို့နယ်က မော်တော်နှစ်စီးနဲ့ ဝက်လက်မြို့နယ်ထဲကို လက်နက်တွေပစ်ဖောက် ဝင်ရောက်လာခဲ့ပြီး သရက်ပင်စုကျေးရွာက နေအိမ်  ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အဲ့ဒီရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြင်းလှည်းတောင်ဘုန်းကြီးကျောင်းတကျောင်းနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ) ကနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မီးရှို့နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုခဏဖြစ်လိုက်သေးတယ်။ အခုချိန်ထိ စစ်ရှောင်တဲတွေ ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိရသေးဘူး။ နေအိမ်တွေကတော့ ၄၀၊ ၅၀ နီးပါး မီးထဲပါသွားတယ်လို့ကြားတယ်” လို့ GZ Special Task Force – Wetlet မှတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုချိန်ထိ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ သရက်ပင်စုကျေးရွာနားတဝိုက်မှာ ရှိနေသေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာထဲကို ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ရှောင်တိမ်းနေရတယ်လို့လည်းဆိုပါတယ်။

“သရက်ပင်စုရွာက အိမ်ခြေ ၂၀၀ နီးပါးရှိတယ် ။ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မီးထဲ ဘယ်လောက်ပါသွားလဲ ဆိုတာတော့ မမှတ်မိတော့ဘူး ။ အခုချိန်ထိလည်း ရွာသားတွေရော မီးဘေးရှောင်နေရတဲ့ ပြည်သူတွေရော  ရွာထဲပြန်မဝင်ရသေးဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ရှောင်တဲတွေဟာ ဝက်လက်မြို့နယ်က ဒေသခံတွေနဲ့ စဉ့်ကူးမြို့နယ်က ဒေသခံတွေနေထိုင်နေကြတဲ့ စစ်ရှောင်တဲတွေပဲဖြစ်ပါတယ်။ အခုလက်ရှိ အချိန် မှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ငါးပတ်ချောင်းကျေးရွာကို ဆက်လက်မီးရှို့နေတယ်လို့လည်း သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #မီးရှို့ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10