ဝက်လက်နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေအနီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

ဝက်လက်နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေအနီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနီးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာဝန်းကျင်က လယ်ကွင်းတွေမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘူးလို့  ဒေသခံတဦးက ပြောပါတယ်။

ဝက်လက်မြို့အနီးနဲ့ ဟန်လင်း၊ စိုင်နံကြီး၊ စိုင်နံလေး၊ ရသာကြီးနဲ့ ပဒူကျေးရွာဝန်းကျင်တွေက လယ်ကွင်းတွေမှာဖြစ်ပြီး အဲဒီရွာတွေက ဒေသခံတွေဟာ တိမ်းရှောင်နေရတာအပြင် ဝင်ရောက်လုပ်ကိုင်သူတွေကို စစ်တပ်နဲ့ပျူစောထီးတွေက သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိတာလို့ ဆိုပါတယ်။

“စပါးစိုက်ဖို့မပြောနဲ့ လယ်ကွင်းထဲသွားတာတောင် စစ်**တွေ ပျူ**တွေက သေနတ်နဲ့ပစ်နေတာ၊ ဘယ်လယ်သမားက စပါးဆင်းစိုက်ရမလဲ။ လယ်ကွင်းတွေ ဒီအတိုင်းပဲလွှတ်ထားရတာ ဧကအရေအတွက်တော့ မပြောတတ်ဘူး တော်တော်များတယ်'' လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စပါးစိုက်ပျိုးရာမှာ ထွန်ယက်သူ ပျိုးနုတ်ကောက်စိုက်သူတွေနဲ့ လူအင်အားအများအပြားသုံးရတာကြောင့် ဌားရမ်းရင်လည်းလုပ်မယ့်သူ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဝက်လက်မြို့နယ်ထဲကကျေးရွာတွေမှာ ၂၄ ပြည်ပါဆန်ချော ၁ အိတ်ကို ကျပ် ၁ သိန်း ၁ သောင်းဈေးပေါက်ကာ ဒေသခံအများစုစားသုံးတဲ့ ဆန်ကြမ်း ၁ အိတ်ကိုတော့ ကျပ် ၈ သောင်းခွဲဈေး ပေါက်နေပြီး အာဏာမသိမ်းခင်ကထက် ထက်ဝက်ကျော်တက်သွားတာလို့ ဆိုပါတယ်။

အခုနှစ်ဇန်နဝါရီလကလည်း ဝက်လက်မြို့အနီး ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာနဲ့ သီးလုံးရွာဝန်းကျင်က မိုးစပါးခင်းတွေကို ရိတ်သိမ်းနေတဲ့ စပါးရိတ်ခြွေစက်နဲ့ထော်လာဂျီ ၁ စီးကို စစ်တပ်နဲ့ပျူစောထီးတွေက သိမ်းယူခဲ့လို့ စပါးစိုက်ခင်း ဧကရာဂဏန်းကျော် ရိတ်သိမ်းခွင့်ဆုံးရှုံးခဲ့ပါသေးတယ်။

ပုံစာ - ဝက်လက်မြို့နယ်ကစပါးမစိုက်ရသေးတဲ့လယ်ကွင်းများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဝက်လက် #ရွှေဘို #ကျေးရွာ #စိုက်ပျိုးရေး #မိုးစပါး #စစ်ကောင်စီ #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10