ဝက်လက်နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ဝက်လက်နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဝက်လက် - ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ ၁ ထံကသိရပါတယ်။

မေလ ၂၆ ရက်နေ့က စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်ကို ပင်းဇင်းကျေးရွာနဲ့ မကျီးတုံ ကျေးရွာကြားအရောက် မနက် ၈ နာရီ အချိန်မှာတော်လှန်ရေးတပ်သားတွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဝက်လက် - ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၁ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"ကျနော်တို့ကသတင်းရလို့ ကြိုစောင့်နေတာ။ ဝက်လက်နဲ့သုံးမိုင်ကျော်လောက်ဝေးမယ်။ ရွာနှစ်ရွာကြားမှာ ကျနော်တို့စတိုက်တယ်။ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခဲ့ကြတယ်။ ပစ်တဲ့အချိန်မှာပဲ ၃ ယောက်လဲကျသွားတာ မြင်လိုက်ရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် လဲကျသေဆုံးသူ စစ်သား ၃ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ အတည်မပြုနိုင်ဘူးလို့ သတင်းတာဝန်ခံကဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြနိုင်သေးပါဘူး။

အဲ့ဒီတိုက်ပွဲကို ဝက်လက် - ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ ၊ နွေဦးအောင်ပွဲတော်လှန်ရေးအဖွဲ့နဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ထိခိုက်သေဆုံးတာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း ဝက်လက်မြို့ကို ရောက်နေတဲ့ ခမရ ၃၆၄ တပ်က စစ်သား ၇၀ ကျော် စစ်ကြောင်းထိုးလာစဉ် လိန်ပင်ကျေးရွာအနီးမှာ ပြည်သူ့အစေခံတော်လှန်ရေးတပ်သားတွေ ကြိုထောင်ထားတဲ့တိုက်မိုင်းတွေထိပြီး သေဆုံးဒဏ်ရာရခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဝက်လက် #PDF #တိုက်ပွဲဖြစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10