ဝက်လက်နယ်မှာ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို မတ်လ ၃၀ ရက်နေ့မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးတာ၊ နေအိမ်တွေ မီးရှို့နေတာကြောင့် နေရပ်မပြန်ရဲကြတဲ့ စမွန်းကျေးရွာ၊ကျွန်းဦးတောကျေးရွာ၊ ကျွန်းကြီးကျေးရွာတွေက လူနာ ၁၀၀ ကျော်ကို ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

"ဖျားနာတာ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်။ သွေးတိုးရောဂါတွေ အဖြစ်များပါတယ်။စိုးရိမ်ရတဲ့ လူနာတော့ မရှိပါဘူး။ ကလေး၊ လူကြီး ၁၀၀ လောက် ကုသပေးရပါတယ်" CDM သားဖွားဆရာမက ပြောပါတယ်။

စစ်ရှောင်တွေကို ဆေးကုသပေးရာ ကလေးငယ်တွေမှာ ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းပျက်တာတွေ အဖြစ်များသလို သက်ကြီးရွယ်အိုတွေမှာ ဆီးချို၊ သွေးတိုး ရောဂါတွေ အဖြစ်များကြပြီး ကိုယ်ဝန်ဆောင် မိခင်တချို့ကိုလည်း ဆေးကုသပေးခဲ့တယ်လို့ ဆရာမက ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို CDM သားဖွားဆရာမနဲ့ ကျန်းမာရေးကြီးကြပ် ၂ ဆရာမတို့က ဆေးကုသပေးတာဖြစ်ပြီး ဆေးကုသချိန်နဲ့ လမ်းခရီးလုံခြုံရေးအတွက် " ဗိုလ်ကျားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့"က လိုက်ပါကူညီပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူအများစုက ၁ နှစ်ကျော်စစ်ရှောင်နေရတာဖြစ်သလို နေအိမ်မီးရှို့ခံရလို့ တောတောင်တွေ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ မြစ်ကမ်းဘေးမှယာယီတဲထိုးကာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဝက်လက် #စစ်ရှောင်ပြည်သူ #ကျန်းမာရေးစောင့်ရှောက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10