ဝက်လက်မြို့နယ်ထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲလို့ သေဆုံးမှုရှိ

ဝက်လက်မြို့နယ်ထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားတိုက်နယ်ထဲက ပဝင်းတပ်ရွာမှာ တပ်လာစွဲတဲ့စစ်သားတွေကို စက်တင်ဘာ ၇ ရက် မနေ့ညနေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေကာ ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ Eagle Guerrilla Force ရဲ့တာဝန်ရှိသူဆီက သိရပါတယ်။ 

စစ်သားအင်အား ၆၀ ဦးလောက်က ပဝင်းတပ်ရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တအိမ်မှာ ခွဲကာတပ်စွဲနေချိန် နေအိမ်မှာရှိတဲ့ စစ်သားတွေကို မနေ့ညနေ ၆ နာရီခွဲလောက်မှာ ဒရုန်းတစီးနဲ့ ဗုံးသီး ၂ လုံးချခဲ့ရာ ၃ ဦးသေပြီး  ဒဏ်ရာရသူတွေကို ဆေးကုဖို့သယ်သွားချိန် လမ်းမှာ ၃ ဦး ထပ်မံသေဆုံးတယ်လို့ ဆိုပါတယ်။

"စစ်ရှောင်တဲ့နွားလှည်းကို ချောဆွဲပြီး (ဒဏ်ရာရတဲ့သူတွေကို)သယ်သွားတာမှာ ပေါက်ကန်ဘူတာမှာ ၃ ဦး ထပ်သေတာ။ ကျန်တဲ့ **နာတွေကို ထန်းကြီးဘူတာကို ထပ်သယ်သွားပြီး အဲ့ကနေ ထန်းကြီးနဲ့ စစ်ကိုင်းကို လမ်းပြင်နေတဲ့ရထားနဲ့ စစ်ကိုင်းဘက်သယ်သွားတာ" လို့ Eagle Guerrilla Force ဗိုလ်ကောက်ရိုးက ပြောပါ တယ်။ 

ပွဲချင်းပြီးသေတဲ့စစ်သား ၃ ဦးကို  ပဝင်းတပ်ရွာထဲမှာ မီးရှို့ခဲ့ပြီး ပေါက်ကန်မှာဘူတာမှာ သေတဲ့စစ်သား ၃ ဦးကို လည်း အဲ့ဒီဘူတာမှာပဲ ညတွင်းချင်း မီးရှို့တာလို့ သူကဆက်ပြောပါတယ်။

ပဝင်းတပ်ရွာမှာ ကျန်ရှိတဲ့စစ်သားတွေဟာ စက်တင်ဘာ ၈ ရက် ဒီမနက်အစောပိုင်းမှာ ရှိမ္မကားဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ ကျောက်ဆည်နဂါးနီ ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်နဂါးနီတပ်ရင်း ၁၊ မိထ္တီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့  Lightning Drone Force ၊ Demo Pauk Kwae (ဒီမိုပေါက်ကွဲ)၊ ဆားတောင်မိုးကြိုးအဖွဲ့နဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ တို့ ပူးပေါင်းခဲ့တာလို့ သိရပါ တယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း Eagle Guerrilla Forceနဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကိုင်းမြို့နယ်၊ အင်းစရွာက ပြည်သူပိုင်ပစ္စည်းတွေကို အင်အား ၃၀ ဦးလောက်နဲ့ ခိုးပြီး  ပစ္စည်းသယ်လာတဲ့ ဖောကားရွှံဗွက်နစ်နေလို့ စစ်သားတွေဆင်းတွန်းနေချိန် ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကျဲတိုက်ခိုက်ရာ ကားအနီးကျရောက် ပေါက်ကွဲလို့ စစ်သားတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

ဓါတ်ပုံ - Eagle Guerrilla Force မှ ဒရုန်းချတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ရှိမ္မကားတိုက်နယ် #ပဝင်းတပ်ရွာ #ဗိုလ်ကောက်ရိုး #ဒရုန်း #ဗုံးကြဲ #စကစ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10