သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်က အသက် ၄၀ အောက် အမျိူးသားတွေကို ပျူစောထီးတပ်ဖွဲ့ထဲဝင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ပရဟိတနာယကဆိုသူတွေက အတင်းအဓမ္မ ဖိအားပေးခေါ် ယူနေတာတွေ လုပ်နေပြီး မဝင်လိုပါက တဦးလျှင် တလ ကျပ် ၃ သိန်းပေးရမယ်လို့ ဒေခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးပတ်မှ စတင်ကာ မြို့ပေါ်ရပ်ကွက်တွေက အမျိုးသားတွေကို တအိမ်တက်ဆင်း အခုလို လိုက်လံဖိအားပေး ခေါ်ယူနေတာလို့ဆိုပါတယ်။
‘’ပြည်သူ့စစ်ထဲဝင်ရမယ်။ မဝင်နိုင်တဲ့သူက ၁ လကို ၃ သိန်းပေးရမယ်လို့ စစ်ခွေးကျွန်တွေက လိုက်ပြောတယ်။ ဝင်တဲ့သူတွေကို သေနတ်ပေးမယ်လို့လည်း ပြောတယ်။ ကြောက်လို့ ပိုက်ဆံမပေးနိုင်လို့ ဝင်ကြရသူ တချို့ရှိတယ်။ လူဘယ်လောက်ဝင်တယ်တော့ မသိရသေးဘူး’’လို့ ဝက်လက်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
ပိုက်ဆံမပေးနိုင်လို့ ပျူစောထီတပ်ဖွဲ့ထဲ ဝင်လိုက်ရတဲ့သူတွေကို လက်ရှိမှာ မြို့ပေါ်က ရပ်ကွက်တွေမှာ ကင်းစောင့်ခိုင်းတာမျိုးတွေ လုပ်ခိုင်းနေတယ်လို့ ဆိုပါတယ်။
“တောင်းတဲ့ ၃ သိန်းက ကင်းစောင့်တဲ့သူတွေကို ပေးဖို့လို့တော့ ပြောတာပဲ” လို့ ဝက်လက်မြို့ခံ တဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ဝက်လက်မြို့ပေါ်က လူငယ်တွေဟာ ပျူစောထီးမလုပ်လိုတာကြောင့် တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“မြို့ပေါ်ကနေသွားရတာ မလွယ်တော့။ ကျနော်တို့ကိုဆက်သွယ်ပြီး တောလမ်းတွေကို လမ်းကြောင်းရှင်းပေးဖို့ ဆက်သွယ်လာတဲ့ လူငယ်တွေရှိတယ်။ သူတို့က အခြားမြို့ကိုတက်ပြီး အလုပ်လုပ်မယ့်သူတွေ PDF တွေတော့မဟုတ်ဘူး“ လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ဝက်လက်မြို့ကို စစ်ကောင်စီက မြို့ပေါ်ကလွဲပြီး ကျေးလက်တောရွာတွေကို ထိန်းချုပ်နိုင်ခြင်းမရှိလို့ အခုလို မြို့ပေါ်ရပ်ကွက်က အမျိုးသားတွေကိုသာ ခေါ်ယူနေတာလို့ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာလည်း ရွာခံတွေကို အတင်းအဓမ္မ ပျူစောထီးလုပ်ခိုင်းပြီး သေနတ်ပေးကာ ကင်းစောင့်ခိုင်းတာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်၊ သစ်ရာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဇူလိုင် ၂၉ ရက် ညနေက ရပ်ကွက်နေပြည်သူတွေကို မိုဃ်းဆုတောင်းဘုရားဝန်းအတွင်းခေါ်ကာ ဆယ်အိမ်စု တစုကို ပျူစောထီး တယောက်နှုန်း မဲနှိုက်ခေါ်မှာဖြစ်ပြီး မဲမပေါက်တဲ့အိမ်တွေက တလကို လစဉ်ကြေးကျပ် ၂ သောင်းနဲ့ ဂိတ်စောင့်ကြေး တပတ် ကျပ် ၆ ထောင်ပေးရမယ်လို့ ပြောဆိုခဲ့သေးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း၊ #ဝက်လက်မြို့ #ပြည်သူ့စစ် #ပျူစောထီး #စစ်ကောင်စီ #ဖိအားပေး #လူငယ် #သတင်း
Share Share Share