ဝက်လက်မှာ တိုက်ပွဲဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေဆုံး

ဝက်လက်မှာ တိုက်ပွဲဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မြောက်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် မနေ့ကညနေ ၃ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် ဒုရဲအုပ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဝက်လက်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးဟာ သခွပ်တောရွာဘက်ကို စစ်ကြောင်းထိုးလာမယ်လို့ သတင်းကြားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာအနီးမှာ ကြိုစောင့်ပြီး ပစ်ခတ်ခဲ့ရာက တိုက်ပွဲဖြစ်ခဲ့တာပါ။ 

“ပစ်ခတ်မှုကတော့ ၁ နာရီခွဲလောက်ဖြစ်သွားတယ်။ သူတို့ဘက်က ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ် ဆိုတာ ကျနော်တို့အတွင်းသတင်းအရ သိရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ဦးဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး” လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ဒုရဲအုပ်လွင်မိုးအောင်က နေရာတင်သေဆုံးခဲ့ပြီး တပ်ကြပ်ကြီးသန်းနိုင်နဲ့ ပျူစောထီး သက်တိုးဇော်တို့ကတော့ ဝက်လက်မြို့ပေါ် ဆေးရုံရောက်မှ သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က အင်အား ၃၀ လောက်ထပ်မံရောက်ရှိလာခဲ့ကာ တိုက်ပွဲပြီးတဲ့နောက်မှာတော့ အားလုံးဝက်လက်မြို့ပေါ်ကို ပြန်ဆုတ်ခွာသွားကြပြီး အလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းမှာ သင်္ဂြိုဟ်နေကြတယ်လို့ သိရပါတယ်။ 

ဒေသခံကာကွယ်ရေးတပ်တွေဟာ ဝက်လက်မြို့ပေါ်ကလွဲလို့ မြို့ဘေးပတ်ပတ်လည်ကို ကာကွယ်ထားနိုင်ပြီး စစ်ကောင်စီတပ်တွေကိုလည်း မြို့ထဲကထွက်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်တယ်လို့ ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးရဲဘော်က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #တိုက်ပွဲ #ဒုရဲအုပ် #တပ်ကြပ်ကြီး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10