ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့  နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်း

ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့ နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ ခိုင်းနွားတွေကို ပစ်ခတ်စားသောက်မှုတွေရှိနေတဲ့အတွက် နွားရောင်းချသူများပြားလာလို့ ခိုင်းနွားစျေးတွေ ကျဆင်းလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ခိုင်းနွားတွေကို ဝက်လက်မြို့နယ်အတွင်း ကျေးရွာတွေမှာ လာရောက်ဝယ်ယူနေတဲ့ ပွဲစားတွေရှိနေပြီး ခိုင်းနွားတွေမထားရဲတော့တဲ့ဒေသခံတွေက နွားရောင်းချတာများပြားနေတာကြောင့် ယခင်ထက် ထက်ဝက်ဈေးနှုန်းသာ ရရှိတော့တယ်လို့ ဝက်လက်ဒေသခံအမျိုးသမီး မစမ်းမွန်အေးက မြေလတ်အသံကို ပြောပါ တယ်။


"စစ်ကြောင်းလာလို့ နွားလှည်းနဲ့တိုးရင် နွားတွေကိုပစ်သတ်ပြီး လှည်းကိုမီးရိူ့တာ။ အဲ့တော့ပြည်သူတွေက အရင်လို ခိုင်းနွားတွေ မထားရဲတော့ဘဲ အကုန်ထုတ်ရောင်းနေတော့တာ။ အရင်က ခိုင်းနွား ၂ ရှဥ်း(၄ ကောင်)ထားတဲ့အိမ်က အခု ၂ ကောင်ပဲ ထားတယ်။ ရွာထဲမှာလည်း ခိုင်းနွားအသန့်က ၃ ပုံ ၁ ပုံလောက်ပဲ ထားတော့တယ်" လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က နွားအရပ် ၃ တောင်တထွာ (၅ပေ)နဲ့အထက်ရှိတဲ့ ခိုင်းနွားတကောင်ဟာ ကျပ် သိန်း ၂၀ နဲ့ အထက်ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာ ခိုင်းနွားရောင်းချသူ များပြားလာတာကြောင့် ကျပ် ၁၀ သိန်းဝန်းကျင်သာ ဈေးရတော့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွားအမတကောင်ကို ကျပ် ၃ သိန်းခွဲဝန်းကျင်နဲ့သာရောင်းချနေရပြီး အမဲသား တပိသာကိုလည်း ကျပ် ၈ ထောင်ဝန်းကျင်သာ ပေါက်စျေးရှိတော့တယ်လို့ သူကဆက်ပြောပါတယ်။

“ရွာတွေဘက်မှာက နွားတွေလည်း မထားချင်တော့ အကောင်လိုက်ရောင်းလို့မရတဲ့ နွားတွေကျတော့ ကိုယ့်အစီအစဉ်နဲ့ပေါ်ပြီး ရောင်းတဲ့သူတွေလည်း များလာတာ။ အမဲသားပေါ်လာတော့ ဈေးတောင် တပိသာ ၈၀၀၀ လောက်ပဲ ရတော့တယ်” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က မိရိုးဖလာနွားကောင်ရေများများနဲ့ လွှတ်ကြောင်းစနစ်အသုံးပြုမွေးမြူကြပေမယ့် အခုအခါမှာ ဖြည့်စွက်စာအဖြစ် ကြွေးရတဲ့ ဖွဲနုနဲ့ ပဲပတ်၊နှမ်းဖတ်တွေ စျေးတက်နေတဲ့အတွက် လက်ရှိပေါက်ဈေးနဲ့ ခိုင်းနွားတွေကို ပြန်လည်ရောင်းချရာမှာ တွက်ခြေမကိုက်တော့ဘူးလို့လည်း ဆိုပါတယ်။

တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေတွေကို ထွန်ယက်ရာမှာ စက်ကိရိယာတွေကို အသုံးပြုထွန်ယက်နေပေမယ့် လုပ်ငန်းခွင်မှာ ပြည့်စုံအောင် အသုံးမပြုနိုင်တာကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးမှာ ခိုင်းနွားတွေဟာ အရေးပါနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10