ဝက်လက်မှာ စစ်တပ်က ရွာ ၂ ရွာကိုမီးရှို့ပြီး အမျိုးသားတဦးကို သတ်ခဲ့

ဝက်လက်မှာ စစ်တပ်က ရွာ ၂ ရွာကိုမီးရှို့ပြီး အမျိုးသားတဦးကို သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ဘက်ရှိ သုံးဆင့်ကန်ရွာနဲ့ ပေါက်ကံရွာက နေအိမ်တွေကို စစ်တပ်ကမီးရှို့ပြီး သာလိုင်းရွာက အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက သာလိုင်းရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် ကျန်းမာရေးမကောင်းလို့  ရွာကနေမတိမ်းရှောင်ဘဲ ကျန်နေခဲ့ရတဲ့ အသက် ၆၀ အရွယ် ဦးသံချောင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။  

အဲ့ဒီနောက် သာလိုင်းရွာနဲ့  ၂ မိုင်လောက်ဝေးတဲ့ သုံးဆင့်ကန်ကျေးရွာထဲကို မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်သွားပြီး တညအိပ် တပ်စွဲခဲ့ကာ ဇူလိုင် ၁၃ ရက် ဒီမနက် ၆ နာရီလောက်မှာတော့  အဲ့ဒီရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။  

“နေအိမ်တွေ ဘယ်လောက်မီးထဲပါသွားလဲဆိုတာတော့ ကျနော်တို့မသိရသေးဘူး။ ရွာသားတွေလည်း ရွာထဲကို မဝင်ကြသေးဘူး။ တောတွေထဲမှာ ရှောင်နေတုန်းပဲ။ ကာကွယ်ရေးအဖွဲ့တွေတော့ ရွာထဲမှာ ရှင်းလင်းရေး လုပ်ပေးနေတုန်း” လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

နေအိမ် ၁၀၀ ကျော်ရှိတဲ့ သုံးဆင့်ကန်ကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး လက်ရှိအချိန်မှာ မီးဘေးသင့်ပြည်သူတွေအတွက် စားသောက်ကုန်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သုံးဆင့်ကန်ကျေးရွာကို မီးရှို့ပြီး ဒီမနက် ၁၀ နာရီလောက်မှာတော့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွာနဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့ ပေါက်ကံကျေးရွာထဲကို စစ်ကြောင်းဆက်ထိုးသွားပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။  

“ပေါက်ကံရွာမှာက အိမ်ခြေ ၂၀၀ ကျော်ရှိတယ်။ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ပါ။ ရွာသားတွေလည်း ရွာထဲကို ပြန်ဝင်နေကြပါပြီ။ စစ်**တွေက အခု ထန်းကြီးရွာထဲမှာ လက်နက်တွေပစ်ဖောက်ပြီး တပ်စွဲထားတယ်”လို့ Wetlet Informational Network မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇူလိုင် ၄ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရွှေကျင်ရွာက နေအိမ် ၃၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #ရွာမီးရှို့ #ဒေသခံအသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10