သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့လို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အိမ်ထောင်စု ၁၀၀ အတွက် ငွေကျပ် ၂၅ သိန်းကို ဇွန် ၂၄ ရက်က ထောက်ပံ့ကူညီခဲ့တယ်လို့ ဝက်လက်မြို့နယ်၊ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ထံက သိရပါတယ်။
ဝက်လက်မြို့နယ်မှာ မေလ ၁၇ ရက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံဦးရေ ၅၀၀ ကျော်ရှိတဲ့ အိမ်ထောင်စု ၁၀၀ အတွက် တအိမ်ထောင်လျှင် ကျပ် ၂၅,၀၀၀ နှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၅ သိန်း ကူညီပေးခဲ့တယ်လို့ ဝက်လက်မြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့်က မြေလတ်အသံကို ပြောပါတယ်။
"သူတို့တတ်တဲ့ လက်မှုလုပ်ငန်းတို့၊ မိရိုးဖလာ တောင်ယာအလုပ်ပဲ လုပ်ကိုင်နေရတယ်။ ဒါပေမဲ့ နေအိမ်တွေရော တောင်သူလုပ်ဖို့ အရင်းအနှီးတွေရော အကုန်မီးထဲပါသွားတယ်။ အခက်အခဲကတော့ စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်" လို့ ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ကိုလွင်မိုးသန့်က ရှင်းပြပါတယ်။
ဝက်လက်မြို့နယ်မှာ ၂၀၂၂၊ မတ်လလယ်ပိုင်းမှ ၂၀၂၃ ဇွန်အစောပိုင်းကာလအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး လူဦးရေ ၄,၀၀၀ ကျော် ဒုက္ခကြုံတွေ့နေရကာ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေဟာ နေစရာအတွက် ကျေးရွာထဲမှာ တဲထိုးနေထိုင်ကြရတယ်လို့ သူ ဆက်ရှင်းပြပါတယ်။
ဇွန် ၁၈ ရက်ကလည်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေက ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ မီးဘေးသင့် ရွာတရွာကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ဝက်လက်မြို့နယ် #စစ်ကောင်စီ #မီးရှို့ #စစ်ကောင်စီ #လူထုသပိတ်တိုက်ပွဲ #ဦးဆောင်ကော်မတီ
Share Share Share