ဝက်လက်မှာ စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသား အပါ  ၂ ဦးသေဆုံး

ဝက်လက်မှာ စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသား အပါ  ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဇွန်လ ၁၆ ရက် တရက်တည်းမှာတင် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူအပါ ၂ ဦး သေဆုံးခဲ့တယ် လို့ ဝက်လက် ပကဖအဖွဲ့ဆီက သိရပါတယ်။

၁၆ ရက်မနက်ပိုင်းက ဝက်လက်မြို့အနောက်ဘက်၊ မူးဆည်ဘောင်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် သခွတ္တောရွာမမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲမော် ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ ညနေပိုင်းမှာတော့ လှတောရွာဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က အသက် ၂၃ နှစ်အရွယ် ကိုထက်ဝေစိုးကို ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ 

"နှစ်ဦးစလုံးက နှမ်းခင်းထဲ အလုပ်လုပ်နေရင်း စစ်တပ်က ရမ်းပစ်တဲ့ကျည်နဲ့ သေဆုံးရတာ။ ကိုရဲမော်က နေရာတင်သေတာ၊ ထက်ဝေစိုးက ည ၁၂  နာရီလောက်မှာသေတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

သူတို့ ၂ ဦးဟာ သခွတ္တောရွာမှာ နေထိုင်သူတွေဖြစ်ကာ ကိုရဲမော်က ရွာအနောက်ဘက်ရှိ နှမ်းခင်းမှာ ကျည်ထိမှန်ခဲ့တာဖြစ်ပြိး ကိုထက်ဝေစိုးကတော့ ရွာတောင်ဘက်ရှိ နှမ်းခမ်းတခုမှာ ရှိနေချိန် ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။ 

ကိုထက်ဝေစိုးရဲ့ ဖခင်က သခွတ္တောရွာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်ရှိရွာမှာမနေဘဲ ဝက်လက်မြို့ပေါ်က ဝန်ထမ်းအိမ်ရာတခုမှာ နေထိုင်နေတာလို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

ဇွန်လ ၁၇ ရက် မနေ့ကမနက် ၉ နာရီမှာ ကိုရဲမော်ရဲ့အလောင်းကို မြေမြုပ်သဂြိုလ်ပြီး ၁၁ နာရီလောက်မှာတော့ ကိုထက်ဝေစိုးရဲ့အလောင်းကို မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဇွန်လဝန်းကျင်ကလည်း သခွတ္တောရွာတောင်ပိုင်းက နေအိမ် ၂၀ ကိုစစ်တပ်ကမီးရိူ့လို့ ပြာကျပျက်စီးခဲ့ရပါသေးတယ်။

ပုံစာ - ကျည်ထိမှန်သေဆုံးခဲ့သည့် သခွတ္တောရွာ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ကိုထက်ဝေစိုး။ 

စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #လက်နက်ကြီးပစ် #အုပ်ချုပ်ရေးမှူးသား #ဒေသခံအမျိုးသား #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10