ဝက်လက်မှာ တနေ့တည်း စစ်အုပ်စုနေရာ ၃ နေရာတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

ဝက်လက်မှာ တနေ့တည်း စစ်အုပ်စုနေရာ ၃ နေရာတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က စစ်ကောင်စီရှိရာနေရာတွေကို ဇူလိုင် ၂၃ ရက်ကဒေသခံ PDF ပူးပေါင်းအဖွဲ့က ဒရုန်းအသုံးပြုပြီး တနေ့တည်း ၂ ကြိမ်တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မနက် ၈ နာရီခွဲခန့်မှာ ဝက်လက်မြို့ပေါ်က တိုင်းရင်းဆေးရုံနဲ့ မီးသတ်ရုံးကို ဗုံးသီး ၂ လုံးစီနဲ့ ၄ လုံး၊ ည ၁၁ နာရီလောက်မှာ ရဲစခန်းကို ဗုံးသီး ၈ လုံးချကာတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မနက်ပိုင်းတိုက်ခိုက်လို့ စစ်အုပ်စုက၂ ဦးသေကာ ၇ ဦးဒဏ်ရာရပြီး ရဲစခန်းထဲကဒဏ်ရာရရှိသူကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

" ဒဏ်ရာရကောင်တွေကို တိုင်းရင်းဆေးရုံနဲ့ဓါတ်တိုင် ၅ တိုင်အကွာလောက်က ကြံ့ဖွတ်ရုံးရှိတဲ့ စံပြ**ခြံထဲခေါ်ပြီးကုတာ။ ပျူခေါင်းဆောင်ဖိုးခိုင်က လူနာအတွက် ပိုက်တွေသယ်ပေးရတယ်။ ဖိုးခိုင်ကအနီးဝန်းကျင်က ပြည်သူတွေကို စစ်**တွေဒဏ်ရာရတဲ့အကြောင်းမပြောဖို့နဲ့ ပြောရင်လျှာဖြတ်ပစ်မယ် တမိသားစုလုံးသတ်ပစ်ဆိုပြီးလည်း ခြိမ်းခြောက်သွားသေးတယ်"လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်အုပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မနက်ပိုင်းတိုက်ခိုက်မှုမှာ တိုင်းရင်းဆေးရုံနဲ့ မီးသတ်ရုံးဘက်က ၆၀ မမ တလုံးအပြင် လက်နက်ငယ် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုရှိပြီး ရဲစခန်းကိုတိုက်ခိုက်အပြီးမှာလည်းပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့(လေသူရဲဒရုန်းတပ်ဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကလည်း ဗိုလ်ကောက်ရိုးနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းမှာ တပ်စွဲထားတဲ့စစ်သားနဲ့ပျူစောထီးတွေကို ဒရုန်း ၂ စင်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တဲ့အပြင် ရော့ကက် ၈ လုံးနဲ့ပစ်ခတ်ခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ ပါသေးတယ်။

ပုံစာ - ဝက်လက်တိုင်းရင်းဆေးရုံနှင့် မီးသတ်ရုံအား တိုက်ခိုက်မှုမြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #စစ်ကောင်စီ #ရုံးဌာန #PDF #ဒရုန်းစစ်ဆင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10