ဝက်လက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်သား ၂ ဦးသေ PDF ၃ ဦးဒဏ်ရာရ

ဝက်လက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်သား ၂ ဦးသေ PDF ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၄ ရက် မနက် ၁၀နာရီခွဲ ဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force ဆီက သိရပါတယ်။

 

ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်ကနေ ဝက်လက်မြို့နယ်ထဲကို ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောနဲ့ လူလာချတဲ့ စစ်ကြောင်းကို ရွှေညောင်တော်ရွာနဲ့ မင်းရွာတောင်ကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

"သင်္ဘောနဲ့ ရွာသာကို လူလာချတာ၊ လာချပြီး ရွှေကျင်ရွာကို ဝင်ပြီး မီးထပ်ရှို့တာ။ ရွှေကျင်ရွာမှာလည်းတပ်စွဲထားတဲ့ တပ်စိတ်တစိတ်ရှိတယ်။ ရွှေကျင်ရွာကနေ ပြန်ထွက်လာတဲ့အချိန် စပြီးတိုက်ပွဲဖြစ်တာ။" လို့ Eagle Guerrilla Force သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်ဒင်က ပြောပါတယ်။

 

နှစ်ဖက်အပြန်အလှန် ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ဦး သေဆုံးပြီး ကာကွယ်ရေးရဲဖော်တွေဘက်က ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 

" ဒီကောင်တွေက ရွှေညောင်တော်ထဲကို ပြန်ဝင်သွားပြီးတော့ သူတို့ လာချတဲ့လမ်းအတိုင်း ပြန်ဆုတ်တာဗျ။ သူတို့ဘက်က ၂ယောက်ထိသွားတော့ကျတော့ တခါတည်းပြန်ခေါ်ပြီးကာမှ အလောင်းကိုထမ်းပြီး ပြန်သယ်သွားတာ။" လို့ ရဲဘော်အောင်ဒင်က ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပြီးနောက်မှာ သေဆုံးအလောင်းကို ပြန်သယ်ပြီး အရင်တပ်စွဲထားတဲ့ စစ်ကြောင်းတွေပါပြန်ခေါ်သွားပြီး သင်္ဘောနဲ့ ပြန်ဆုတ်သွားကြတယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ခိုက်မှုမှာ Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ (တပ်ခွဲ ၃) Eagle ပြောက်ကျား တပ်ဖွဲ့ နဲ့ ရဲရဲတောက်လူငယ်ပြောက်ကျား တပ်ဖွဲ့တို့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

 

စာတည်း - ဇို

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #တိုက်ပွဲ #PDF #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10