ဝက်လက်ရှိ စစ်ရှောင်တွေက ဆေးကုပေးဖို့ အကူညီတောင်းခံလို့ အခမဲ့ဆေးကုသပေး

ဝက်လက်ရှိ စစ်ရှောင်တွေက ဆေးကုပေးဖို့ အကူညီတောင်းခံလို့ အခမဲ့ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ရှောင်ပြည်သူတွေက ဆေးကုသဖို့ အကူအညီတောင်းခံတာကြောင့် အခမဲ့ဆေးဝါးကုသပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ထံက သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်း မန္တလေး-ရွှေဘို- မြစ်ကြီးနား-စစ်ကိုင်း ရထားလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြုပြင်နေရာ စစ်သားတွေ ရန်ပြုမှာစိုးရိမ်လို့ ဘေးလွတ်ရာတောတွင်းတနေရာမှာ လူဦးရေ ၅၀၀ ကျော်ဟာ ၁ လနီးပါး စစ်ရှောင်နေရတာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေ ကျန်းမာရေးမကောင်းကြလို့ အကူညီပေးဖို့တောင်းဆိုတာနဲ့ ကုသပေးခဲ့တာပါ။ ဖျားနာကြတဲ့သူနဲ့ သွေးတိုးရောဂါတွေအဖြစ်များတယ်။ စိတ်ဖိစီးတာလည်းပါမယ်" လို့ ဆေးကုသရေးအဖွဲ့မှ ကိုငြိမ်းချမ်းနိုင် က ပြောပါတယ်။

မီးရထားလမ်းပြင်နေကြတဲ့ စစ်ကောင်စီတပ်သွားတွေကြောင့် ဝက်လက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာပေါင်း ၁၀ ရွာခန့် က စစ်ရှောင်နေကြရပြီး ကျန်းမာရေးအခက်အခဲရှိလို့ အကူအညီတောင်းခံလာတဲ့အတွက် စက်တင်ဘာ ၂ ရက်က အခမဲ့ဆေးကုသပေးခဲ့တယ် လို့ ဆိုပါတယ်။

ဆေးကုသရာမှာ ကလေးငယ်တွေမှာ ရိုးရိုးဖျားနာတာနဲ့ ထိခိုက်ရှနာတွေ အဖြစ်များပြီး သက်ကြီးပိုင်းတွေမှာတော့ သွေးတိုးရောဂါအဖြစ်များနေကာ မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လူနာ ၆၀ ကျော်ကို ဆေးကုသရေးအဖွဲ့ဝင် ၆ ဦးနဲ့ ဆေးကုသပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ ၁ လကြာတိမ်းရှောင်ရတာဖြစ်လို့ စားနပ်ရိက္ခာ၊ အမိုးကာနဲ့ ဆေးဝါးကုသဖို့အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ယနေ့စက်တင်ဘာ ၄ ရက်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၆ ကြောင်းခွဲပြီး ဝက်လက်မြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်တဲ့နေရာတွေကို စစ်ကြောင်းဝင်နေတယ်လို့သိရပါတယ်။

နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ရွှေဘို #ဝက်လက် #မြန်မာ့မီးရထား #စစ်ကောင်စီ #စစ်ရှောင် #ထောက်ပံ့ရေး #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10