ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုနဲ့ နောက်ဆက်တွဲလိမ်လည်မှုတွေကို နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်က ပြင်းထန်စွာရှုတ်ချ

ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုနဲ့ နောက်ဆက်တွဲလိမ်လည်မှုတွေကို နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်က ပြင်းထန်စွာရှုတ်ချ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ဆရာတော် ၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သတင်းထုတ်ပြန်ရာမှာလည်း လိမ်လည်ထုတ်ပြန်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ သက်ဆိုင်သူအားလုံးကို ပြင်းထန်စွာရှုတ်ချတယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေးသံဃကွန်ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ သံဃမဟာနာယကအဖွဲ့ တွေဟာ ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာအားလုံးအတွက် လုံခြုံမှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ မရှိတဲ့ ဂုဏ်သိက္ခာမဲ့ အဖွဲ့တွေအဖြစ် ပြင်းထန်စွာ ကဲ့ရဲ့ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

"သူတို့ဟာ တရားမျှတမှု မရှိဘူးပေါ့နော်၊ သူတို့ဟာ တာဝန်ယူမှုတာဝန်ခံမှု မရှိဘူးပေါ့နော်၊ အဲဒါကြောင့်မို့ သူတို့ကိုလည်း လူ့ဂုဏ်သိက္ခာရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် သိက္ခာမဲ့တဲ့အဖွဲ့အစည်းတွေအဖြစ် ဦးဇင်းတို့ ရှုတ်ချချင်တဲ့အတွက်အခုလိုမျိုးထုတ်ပြန်ရခြင်းဖြစ်တယ်။" လို့ အပြည်ပြည်ဆိုင်ရာသံဃကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇင်းဂျောင်းဂျောင်း က မိန့်ပါတယ်။

အစောပိုင်းမှာတော့ ဆရာတော် ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပိုင်ရုပ်သံတခုဖြစ်တဲ့ မြဝတီရုပ်မြင်သံကြားကနေ စစ်တပ်က ကျူးလွန်တာမဟုတ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့ကသာ ကျူးလွန်တာဖြစ်တယ်လို့ သတင်းမှားကို ထုတ်ပြန်ခဲ့တဲ့အတွက် ပြည်သူတွေနဲ့ သံဃာတော်များအကြား ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ရက်မှာတော့ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသနဲ့ အတူလိုက်ပါသွားတဲ့ ကံသုံးဆင့်ဆရာတော်ကြီးက သေနတ်နဲ့ပစ်ခတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့စစ်သားတွေဖြစ်တယ်လို့ ဖြစ်ရပ်မှန်ကို ပြန်လည်မိန့်ကြားခဲ့ပါတယ်။

“သူတို့ကားကို ကျော်တက်သွားတယ်။  ကျော်တက်သွားပြီးမောင်းတဲ့အတွက် ပစ်ရတယ်ဆိုပြီးတော့ ကြေညာတယ်။ ဒါပေမဲ့ သူတို့ရဲ့စကားက ရှေ့နောက်မညီဘူး။ ဘာလို့ဆို ကားပေါ်မှာ ပုဂ္ဂိုလ် ၃ ဦးပါတယ်။ ရှေ့ခန်းကဆရာတော်ကြီးကိုပဲ ချက်ကောင်းမှန်အောင်ပစ်ခဲ့တာ ဘေးက ကားဒရိုင်ဘာကိုတော့ ကျော်ပြီး လက်ဖျားလေးတွေမှန်တယ်။ နောက်ကဆရာတော်ကိုတော့ ကျည်လုံးဝမှန်ခြင်းမရှိဘူး။ သူပြောသလို နောက်ကနေလိုက်ပြီး ပစ်တယ်ဆိုတာ မဟုတ်ဘူး။ ရှေ့ကနေပြီးတော့မှ ဆရာတော်ကြီးကို သေချာပစ်တာ’’လို့  ဦးဇင်းဂျောင်းဂျောင်း က မိန့်ပါတယ် ။

ဇွန်လ ၂၄ ရက်နေ့မှာ သာသနာရေးဝန်ကြီးက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထုတ်ပြန်ထားတဲ့စာကို ဖတ်ပြပြီးတောင်းပန်ခဲ့ရာမှာ သာသနာရေးဝန်ကြီးကရှေ့ဆုံးမှာထိုင်ပြီး သြကာသကို ၄ ကြိမ်တိတိဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

“သူဟာ နိုင်ငံတော်အဆင့်အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံရဲ့ သာသနာရေးဝန်ကြီးဌာနက ဝန်ကြီးဖြစ်ပါလျက်နဲ့ ရှေ့ဆုံးကနေထိုင်ပြီး သြကာသကို ၄ ကြိမ်ဆိုတယ်ဆိုတာဟာ ဒါဟာကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာထဲမှာ ပထမဦးဆုံးအကြိမ်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်” လို့  ဦးဇင်းဂျောင်းဂျောင်းက ဆက်လက်မိန့်ကြားပါတယ်။ 

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မဂျီရွာ နဲ့ ကမ္မရွာကြားမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ဗိုလ်တချို့က ဇွန် ၁၉ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ပျံလွန်တော်မူခဲ့ရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ဝင်းနိမ္မိတာရုံဆရာတော် #ပစ်ခတ်ခံရမှု #နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် #ရှုတ်ချ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10