ဝန်းသိုမှာ PDF စခန်းတခု စီးနင်းမီးရှို့ခံရတဲ့အပြင် ရဲဘော် ၃ ဦးပါ သတ်ခံရ

ဝန်းသိုမှာ PDF စခန်းတခု စီးနင်းမီးရှို့ခံရတဲ့အပြင် ရဲဘော် ၃ ဦးပါ သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျွဲခြံကူးကျေးရွာတောင်ဘက်မှာရှိတဲ့ ဝန်းသို ပကဖ မိုင်းစခန်းကို စစ်ကောင်စီတပ်က ဝင်စီးကာ စခန်းကိုမီးရှို့ခဲ့ပြီး PDF ရဲဘော် ၃ ဦးကိုလည်း သတ်သွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၈ ရက် မနေ့  မနက် ၅ နာရီကျော်လောက်မှာ အဲ့ဒီမိုင်းစခန်းကို တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁၊ ခမရ ၁၂၀ တို့ပူးပေါင်းပြီး အင်အား ၇၀ ကျော်နဲ့ဝင်လာခဲ့ကြတာလို့ ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စခန်းမှာရှိတဲ့ ရဲဘော်ကျော်ကြီး၊ ရဲဘော်ဓားသွား၊ ရဲဘော်အောင်မင်းတို့ ၃ဦးထဲက ၁ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရပြီး ကျန် ၂ဦးကတော့ သတ်ခံရပြီးမှ စခန်းနဲ့အတူ မီးရှို့ထားခဲ့ကြတာပါ။

“အဲ့ဒီနေရာက ဆက်သွယ်ရေးစက်ထောင်ထားတဲ့နေရာပါ။ ဒီနေရာကို သူတို့ အခုမှဝင်တာပါ။ အရင်က အဝေးကနေပဲ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတွေပဲရှိတယ်။ ဒီတခါတော့ ရုတ်တရက်အပျောက်ဝင်လာတော့ သူ့ဘက်ကနေရော၊ ကိုယ့်ဘက်ကနေရော အပြန်အလှန် ပစ်ခတ်တာမျိုးတော့ဖြစ်တယ်။ ဒဏ်ရာရတဲ့ ရဲဘော်တယောက်ကိုလည်း မီးရှို့သတ်သွားတယ်။”လို့ ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့တွေက မိုင်းပစ္စည်းအချို့၊ စကားပြောစက်အထိုင်စက်ပစ္စည်း၊ ဆိုလာနဲ့ ဘက်ထရီ၊ မီးစက်တို့ကို ယူသွားကြတယ်လို့ ဆိုပါတယ်။

“မိုင်းအထိုင်စက်မှာက ကျနော်တို့ အနည်းဆုံး ၅ ယောက် ၆ ယောက်လောက်ပဲ ထားတယ်။ ဖြစ်တဲ့နေ့ကဆိုရင် သူတို့က ဖမ်းဖို့လုပ်တာ ဒီဘက်အဖွဲ့ကလည်း အဖမ်းမခံဘဲ အပြန်အလှန်လုံးထွေးရင်း ပစ်ခတ်မှုဖြစ်ကြတာ။ ကျနော်တို့ဘက်က ရဲဘော်တယောက် ဒဏ်ရာရသွားတယ်။ စကစဘက်ကလည်း ဒဏ်ရာရတဲ့သူတွေရှိတယ်။ သူတို့ပြန်ဆုတ်သွားတာ အထမ်းတွေနဲ့ ပြန်ဆုတ်တာ မြင်လိုက်ရတဲ့သူတွေရှိတယ်။”လို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ သြဂုတ် ၁၉ရက် ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ စခန်းကနေပြန်ထွက်သွားချိန်  ဝန်းသိုမြို့နယ်၊ အိုးပစ်ကျေးရွာနားအရောက်မှာ  ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #သတင်း #ကောလင်းခရိုင် #ဝန်းသိုသတင်း #စခန်း #PDFသတ်ခံရ #စီးနင်း #မီးရှို့ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10