ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးစစ်သားတွေက တိုက်ပွဲအထိနာပြီး အိုမရွာကိုမီးရှို့

ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးစစ်သားတွေက တိုက်ပွဲအထိနာပြီး အိုမရွာကိုမီးရှို့

ဆားလင်းကြီးမြို့နယ်ထဲက အိုမရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ပြီး ရွာထဲမှာကျန်နေခဲ့သူတွေကိုလည်း ခြိမ်းခြောက်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအပြီး မနက် ၇ နာရီလောက်မှာ စစ်ကောင်စီဘက်က အိုမရွာထဲကို အင်အား ၅၀ ကျော်နဲ့ဝင်ရောက်လာပြီး ၇ နာရီခွဲဝန်းကျင်မှာ သေနတ်တွေပစ်ဖောက်ကာ ရွာအနောက်ကိုစတင်မီးရှို့ခဲ့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

တိုက်ပွဲအပြီးမှာ ရုတ်တရက်ဝင်ရောက်လာဖြစ်လို့ ပစ်ခတ်မှုတွေကြားက ထွက်ပြေးခဲ့ရပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတချို့ပိတ်မိနေခဲ့ကြတယ်လို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။

" မီးရှို့တဲ့အခါမှာ ရွာထဲကလူတွေကို သူတို့က ဓားစားခံအဖြစ် ဖမ်းပြီးခေါ်ထားတာ။ သူတို့ပြန်သွားတဲ့အချိန် လူတွေကို ပြန်လွတ်ပေးလိုက်တယ်။ သူတို့ထဲမှာ တချို့ကလည်း ပစ်သတ်ထားခဲ့လိုက်ဘာညာပြောတယ်။ သတ်ထားပြီး မီးရှို့ခဲ့လိုက် ပြောတယ်။ နောက်တခါဆိုရင်တော့ သတ်ပစ်မှာလို့ပြောသွားတယ်။”လို့ သူက ဆိုပါတယ်။

ရွာထဲကအိမ်တွေကို မီးရှို့တာအပြင် မီးမလောင်သေးတဲ့အိမ်တွေထဲက စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်တွေကိုလည်း ရိုက်ခွဲသွားဖျက်ဆီးပြီး ည ၈ နာရီလောက်မှာ ဝမ်ပေါင်ကုမ္ပဏီကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

နောက်တနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာ အိုမရွာဒေသခံတချို့ ရွာထဲပြန်ဝင်ချိန် မီးလောင်ထားတဲ့ နေအိမ်တွေကိုပဲမြင်တွေ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆက်ပြောပါတယ်။

“အိမ်တွေပါသွားတော့ ခံစားရတာပေါ့။ အမေကမုဆိုးမကြီး ကျမ ၁ ယောက်ပဲလုပ်အားရှိတာ။ အိမ် ၁ အိမ်ဆောက်ဖို့ဆိုတာ ဘယ်ကငွေရှာပြီးဆောက်လို့ရမှာတုန်း။ စားဖို့သောက်ဖို့တောင်မှ တနေ့လုပ်မှ တနေ့စားရတာ။ အိမ်က မီးထဲပါသွားတာ ဘာမှကိုမရလိုက်ဘူး။ ဘာမှကိုသယ်ချိန်မရလိုက်ဘူး အိမ်ကတော့ ပြာကျသွားတာ။”လို့ ပြောပါတယ်။

အိမ်ခြေ ၅၀ လောက်ရှိတဲ့ အိုမရွာမှာ နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတွေကတော့ စစ်ကြောင်းထပ်ထိုးလာမှာကြောက်တဲ့အတွက် ရွာထဲမှာ ပြန်မနေကြသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - Thet Paing Soe

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ဆားလင်းကြီး #ဝမ်ပေါင် #အိုမရွာ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10