ဝမ်ပေါင် ကြေးနီစီမံကိန်းက ရဲကင်းဂိတ် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးဟု ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကြေးနီးစီမံကိန်းမှာရှိတဲ့ ရဲကင်းဂိတ်နဲ့ နားနေဆောင်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၃၁ ရက် မနေ့ကညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အခုလိုပစ်ခတ်ချိန်မှာ စစ်ကောင်စီဘက်က G3၊ G4 တွေအပြင် 60 မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဓားမဆိုင်းတပ်မတော် D.M.S.A ရဲ့ခေါင်းဆောင်း ဗိုလ်စွမ်းသူမောင်က အခုလိုပြောပါတယ်။

“ဓားမဆိုင်းအနေနဲ့ အခုလို တရုတ်ဝမ်ပေါင်ကို သွားပစ်တာက ဒုတိယအကြိမ်ရှိပါပြီ၊ သွားရောက်ပစ်ခတ်ချိန်က ဘယ်လောက်မှ မကြာလိုက်ဘူး၊ ပြန်ဆုတ်ခွာတဲ့ အချိန်ပဲ ခက်ခဲတာ၊ ဘာလို့လည်းဆိုတော့ မိုးတွေရွာထားတဲ့အတွက် ရွံ့တွေ၊ ဗွက်တွေကြောင့် ဖိနပ်တောင်စီးလို့ မရပါဘူး။ ဒီနေ့ (ဇွန် ၁)မနက်မှာလည်း ဝမ်ပေါင်ထဲကို လေယာဉ်နဲ့ လူအင်အားတွေ ချထားတယ်လို့တော့ ကြားရတယ်” လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုကြောင့် စစ်‌ကောင်စီဘက်က ထိခိုက်သေဆုံးသွားတာနဲ့ ပတ်သက်ပြီး မြေလတ်အသံ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒီပစ်ခတ်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် D.M.S.A တပ်ဖွဲ့တည်းက သွားရောက်ပစ်ခတ်ခဲ့တာပါ။ 

ဒါ့အပြင် မေလ ၃၀ ရက်ကလည်း ဓားမဆိုင်းတပ်ဖွဲ့ဟာ ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ ရဲစခန်းထဲကို ကျည် ၁၀ လုံးထက်မနည်း ကျရောက်သွားတယ်လို့လည်း ဓားမဆိုင်းတပ်မတော်က ထုတ်ပြန်ထားပါသေးတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 #မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ဝမ်ပေါင်ကြေးနီစီမံကိန်း #ပစ်ခတ်ခံရမှု #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10