ဝမ်းတွင်းနဲ့တောင်ငူမှာ ဒေသတွင်းမြစ်တွေရေထပ်တက်လို့ ရေကြီးပြန်    ■ တောင်ငူနယ်ဟာ ယခုနှစ်အတွင်း ၄ ကြိမ်မြောက် ရေကြီးခြင်းဖြစ်

ဝမ်းတွင်းနဲ့တောင်ငူမှာ ဒေသတွင်းမြစ်တွေရေထပ်တက်လို့ ရေကြီးပြန် ■ တောင်ငူနယ်ဟာ ယခုနှစ်အတွင်း ၄ ကြိမ်မြောက် ရေကြီးခြင်းဖြစ်

 

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ဒေသတွင်းမြစ်တွေမှာ ရေပြန်တက်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အောက်တိုဘာ ၃ ရက် မနေ့မနက်ပိုင်းကစပြီး စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၂ လက်မကျော်မြင့်တက်လာလို့ တောင်ငူမြို့နယ်အတွင်း အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပေါ် နေကာ ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ ကျေးရွာတွေရဲ့အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

" ရေကထပ်တိုးလို့ ကျေးရွာပိုင်းတွေမှာ Camp(ရေဘေးကယ်ဆယ်ရေးစခန်း) သွားတာမရှိဘူး။ ဘုန်းကြီးကျောင်းတွေ သွားကြမှာပါ။ ရေဘေးသင့်တာဆိုများမယ် ရပ်ကွက်အနိမ့်ပိုင်း ၄ ခုလောက်ရှိမယ်။ တမြို့နယ်လုံးဆို ၃၀ ကျော်မယ်။" လို့ တောင်ငူဒေသတွင်းကူညီပေးနေတဲ့ ပရဟိတအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းနေလို့ စစ်တောင်းမြစ်ရေ ပြန်တက်လာတာကြောင့် တောင်ငူမြို့နယ်ထဲက အုတ်ကျွတ်တန်း၊ အလယ်ကျွန်း၊ မြစ်ကြီးပေါက်၊ ကြက်လျှာစွန်းရပ်ကွက်တွေနဲ့ ပြသောင်၊ ဒိုးသောင်၊ ဇီးဖြုပင်ကျေးရွာတွေအပါအဝင် ကျေးရွာ၊ ရပ်ကွက်ပေါင်း ၃၀ ကျော်က ဒေသခံ ၃ သောင်းကျော်လောက် ရေဘေးသင့်နေတာလို့ ဆိုပါတယ်။

လက်ရှိတောင်ငူမြိုပေါ်မှာ ရေဘေးရှောင်စခန်း ၂ ခုဖွင့်ထားပြီး မြို့ပေါ်ရေဘေးသင့်ရပ်ကွက်တွေက ပြည်သူ ၆၀၀ ခန့် ရွှေ့ပြောင်းနေထိုင်နေကြပြီး ကျေးရွာဘက်တွေမှာတော့ ကုန်းမြင့်ပိုင်းနေရာ၊ ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်အမြင့်တွေမှာနေထိုင်နေကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက် ဒီကနေ့နေ့လယ် ၁၂ နာရီအချိန် မိုးဇလရဲ့ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်ရဲ့စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၆၀၀ စင်တီမီတာကိုကျော်လွန်ပြီး ၆၀၇ စင်တီမီတာမှာရှိနေတာကြောင့် စိုးရိမ်ရေမှတ်ကို ၇ စင်တီမီတာ (၂ လက်မကျော်) ကျော်လွန်နေမယ်လို့ ဆိုပါတယ်။

ယခုရေကြီးတာက တောင်ငူမြို့နယ်အတွက် ယခုနှစ်အတွင်း ၄ ကြိမ်မြောက်ရေကြီးတာဖြစ်ပြီး ဩဂုတ်လအတွင်းမှာ ၂ ကြိမ်၊ စက်တင်ဘာလအတွင်းမှာ ၁ ကြိမ်ရေကြီးရေလျှံခဲ့ကာ နောက်ဆုံးရေကြီးမှုမှာ  စက်တင်ဘာ ၂၉ ရက်မှ တောင်ငူမြို့ပေါ်က ရေဘေးကယ်ဆယ်ရေးစခန်းအားလုံးကို ပြန်လည်ရုတ်သိမ်းခဲ့ရတာလို့ သိရပါတယ်။

အလားတူ မြစ်သားမြို့နယ်အတွင်းမှာလည်း ပန်းလောင်မြစ်ရေတက်နေတာနဲ့ ကင်းတာဆည်ရေလွှတ်တာတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို အောက်တိုဘာ ၂ ရက်စပြီး ဒုတိယအကြိမ်မြောက် ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

မြစ်ရေမြင့်တက်မှုကြောင့် မြစ်သားမြို့နယ်အတွင်း ပန်းလောင်မြစ်ကမ်းနံဘေးတလျှောက်ရှိ ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် စုစုပေါင်း ကျေးရွာ၊ ရပ်ကွက် ၂၀ ခန့်မှာ လူဦးရေ ၂ သောင်းဝန်းကျင် ရေဘေးသင့်နေတာလည်း ဖြစ်ပါတယ်။

" ကျနော်တို့ရွာဆို လူတရပ်ပြန်ကျော်သွားပြီလေ။ လူတွေကတော့ ကုန်းမြင့်နဲ့ တာပေါင်(ဘောင်)တွေမှာနေကြတယ်။" ရေဘေးသင့်ကျေးရွာတခုဖြစ်တဲ့ သမတန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

မြစ်သာမြို့နယ်အတွင်းက ကင်းတာဆည် ရေပိုလွှဲ ၄ ပေါက်က ရေလွှတ်တော့မှာဖြစ်လို့ ပန်းလောင်မြစ်ကမ်းနားတလျှောက် ကျေးရွာနေပြည်သူတွေကို ကုန်းမြင့်ရာကိုရွှေ့ပြောင်းကြဖို့ အောက်တိုဘာ ၁ ရက်မှာ မီးသတ်ဦးစီးဌာန သတိပေးထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"ကမ်းနာရွာတွေနဲ့ မြို့ပေါ် အချို့ရပ်ကွက်၊ အနိမ့်ပိုင်းတွေထိတယ်။ အရင်တခါလောက် မများနိုင်လောက်ဘူး ထင်တယ်။”လို့ မြစ်သားရေဘေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဓာတ်ပုံ - မြစ်သားမြို့နယ် ရေဘေးသင့် ဒေသခံများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မြစ်သား #တောင်ငူ #ရေဘေး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10