ဝိနည်းမညီတဲ့ ဘုန်းကြီးတွေကြောင့် ဘာသာမဲ့သွားကြသူများ (ဆောင်းပါး)

ဝိနည်းမညီတဲ့ ဘုန်းကြီးတွေကြောင့် ဘာသာမဲ့သွားကြသူများ (ဆောင်းပါး)

မမေ*ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တဦးပါ။ လပြည့်လကွယ် အခါကြီးရက်ကြီးတွေမှာ ဘုရားသွားကျောင်း တက်လည်း လုပ်ခဲ့ဖူးတယ်။ သူဟာ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်ပြီး ဘာသာတရားကိုင်းရှိုင်းမှုရှိခဲ့တယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘာသာရေးအပေါ် ယုံကြည်ကိုးကွယ်မှုတွေ ပျောက်ဆုံးသွားပြီး ဘာသာမဲ့အဖြစ်ခံယူလိုက်တယ်လို့ ဆိုပါတယ်။ 

သင်္ကန်းစည်းထားတဲ့ ဘုန်းကြီးတွေကို မြင်တဲ့အခါတိုင်း လူသတ်မှုကိုအားပေးနေတဲ့သူတွေနဲ့ တသားတည်း ပြေးမြင်ပြီး ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ခံယူလိုစိတ်မရှိတော့တာလို့ ဘာသာမဲ့တဦး ဖြစ်လာ ခဲ့ပုံကို မမေက ရှင်းပြပါတယ်။ 

“ဝီရသူတို့၊ ဝါသဝတို့၊ ပေါက်ကိုယ်တော်တို့ သူတို့လုပ်ပုံကိုင်ပုံတွေကို ကြည့်ပြီးတော့ ဘုန်းကြီးတွေကို အရင်လိုကြီး ကြည်ညိုစိတ်ဆိုတာ မရှိတော့ဘူး၊ သင်္ကန်းခြုံထားတဲ့ ခေါင်းတုံး(ကတုံး)လို့ မြင်တယ်။” လို့ သူက ဆိုပါတယ်။ 

အကျင့်သီလနဲ့ ပြည့်စုံကောင်းမွန်တဲ့ သံဃာတော်တွေရှိပေမယ့်လည်း ဘာသာရေးအပေါ်မှာ ကြည်ညိုလေးစားတဲ့စိတ်တွေဟာ တဖြည်းဖြည်းလျော့ကျလာပြီး ဘာကိုမှ ကိုးကွယ်ချင်စိတ်မရှိတော့ဘဲ အေးအေးဆေးဆေးသာ နေလိုက်တော့တယ်လို့ မမေက ဆက်ပြောပါတယ်။ 

“အခု ကျမအိမ်မှာဆို ဘုရားစင်တောင် မရှိတော့ဘူး။” လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်ကြတဲ့ လူငယ်တွေထဲမှာ မမေ တယောက်တည်း ဘာသာမဲ့ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဘာသာမဲ့အဖြစ်ခံယူသွားတဲ့သူ၊ ဗုဒ္ဓဘာသာကိုးကွယ်ကြောင်း ပြောဆိုဖို့ ဝန်လေးသွားကြတဲ့သူ၊ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုအပေါ် မေးခွန်းထုတ်ချင်တဲ့သူတွေ ရှိလာကြပါတယ်။ 

အရင်က မြန်မာပြည်မှာ ဘာသာမဲ့တွေကို လက်ချိုးရေတွက်လို့ရပေမယ့်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဘာသာမဲ့သူပိုမိုများပြားလာတယ်လို့ မရင်မြ*က ဆိုပါတယ်။ 

သူဟာ သစ်တောဌာနက CDM ဝန်ထမ်းတဦးဖြစ်ပြီး စစ်အာဏာမသိမ်းခင်က ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ခဲ့ပေမယ့် အခုခါမှာတော့ ဘာသာမဲ့အဖြစ်ခံယူထားသူတဦးပါ။ 

“အရင်က ကျမပတ်ဝန်းကျင်မှာ (ဘာသာမဲ့) မတွေ့ဖူးဘူး၊ အခုနောက်ပိုင်းဆို များလာတယ်။” လို့  သူက ဆိုပါတယ်။ 

ဗုဒ္ဓဘာသာကိုးကွယ်ယုံနေရာကနေ ဘာသာမဲ့သွားတဲ့သူတွေကို မေးမြန်းကြည့်တဲ့အခါမှာ ဗုဒ္ဓဘာသာဘုန်းကြီးတချို့ဟာ Tik Tok၊ Facebook စတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဘုန်းကြီးနဲ့ မသင့်တော်တဲ့ ကခုန်တာ၊ အမျိုးသမီးတွေနဲ့ ချစ်ကြိုက်ကြောင်းပြောဆိုတာ၊ ကလေးသူငယ်မိန်းကလေးတွေကို နင်းနှိပ်ခိုင်းတာ၊ KTV တွေမှာ သီချင်းတွေသီဆိုတာ စတဲ့အပြုအမူတွေကလည်း ဘာသာရေးယုံကြည်မှုလျော့နည်းလာစေတဲ့ အချက်တွေဖြစ်တယ်လို့ ဘာသာမဲ့အဖြစ်ခံယူလိုက်သူတွေက ဆိုပါတယ်။ 

ဒါအပြင် မြန်မာနိုင်ငံရဲ့ အထင်ကရဆရာတော်တပါးဖြစ်တဲ့ သီတဂူဆရာတော်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “သဒ္ဓါ၊ ပညာနဲ့ ပြည့်စုံသော မင်းကောင်းမင်းမြတ်” လို့ လူသိရှင်ကြား ချီးကျူးခဲ့တာကလည်း ဗုဒ္ဓဘာသာကိုးကွယ်သူတွေကြားမှ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

၂၀၂၂ မတ်လမှာ ကျင်းပခဲ့တဲ့ အင်းစိန်ရွာမဆရာတော်ကြီးအား စစ်အစိုးရက ဘွဲ့တံဆိပ်အပ်နှင်းပွဲ အခမ်းအနားမှာ အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

အဲဒီကာလမှာ စစ်တပ်က မြန်မာပြည်အနှံ့က အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူ ကလေး၊ လူငယ်၊ လူကြီးမရွေး အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာကိုးကွယ်သူတွေကို ဘာသာမဲ့သွားစေတဲ့နောက်ထပ် အချက်တွေကတော့ တခြားသော ဘာသာဝင် တွေနဲ့ မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုရှိသူတွေကို လိုက်လံမေးမြန်းဝေဖန်ကာ ဆိုရှယ်မီဒီယာမှ တိုက်ရိုက် ထုတ်လွှင့်တတ်တဲ့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မရဲ့လုပ်ရပ်၊ မဘသ ဦးဆောင်ဆရာတော် ဦးဝိရသူရဲ့လုပ်ရပ်နဲ့ ပြောဆိုမှုတွေကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဆိုးရွားဆုံးအချက်ကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ပျူစောထီးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဦးဆောင်ဆရာတော်ဝါသဝ နဲ့ စစ်ကောင်စီထောက်ခံအားပေးတဲ့ ပေါက်ကိုယ်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်ကြသူတွေကို ဘာသာမဲ့အဖြစ်ခံယူသွားစေတဲ့ အဓိကအကြောင်းအရင်းတွေလို့ ဆိုကြပါတယ်။ 

“ဘုန်းကြီးတွေက ဘုန်းကြီးအလုပ် လုပ်ရမှာလေ၊ အခုဟာက  လူ့အသက်သေစေနိုင်တဲ့အလုပ်တွေကို ဘုန်းကြီးဖြစ်ပြီးတော့ အားပေးအားမြှောက်လုပ်နေတယ်။ သူတို့ကို ဘုန်းကြီးလို့ တန်းတူသတ်မှတ်လို့မရတာ။ ခေါင်းတုံး(ကတုံး) တုံး ထားပြီး သင်္ကန်းခြုံထားတဲ့သူလို့ပဲ မြင်တယ်။” လို့ မမေက ဆက်လက်ပြောပါတယ်။

ဝိနည်းတွေနဲ့ မညီတဲ့လုပ်ရပ်တွေ လုပ်ဆောင်တဲ့အခါ သံဃနာယကမှ တာဝန်ရှိသူတွေက ခေါ်ယူပြီး လူဝတ်လဲတဲ့အထိ အရေးယူဆောင်ရွက်ရမှာဖြစ်သော်လည်း ဘယ်သံဃနာယကမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အတွက် အခုလိုရဟန်းဆိုးတွေ ပေါများလာတယ်လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ဆိုပါ တယ်။

သံဃာတွေရဲ့ ဝိနည်းတွေထဲမှာ စစ်သင်တန်းပေးတာမျိုးတွေကိုတောင် သွားကြည့်လို့မရဘူးလို့ သတ်မှတ်ထားပေမယ့်လည်း ကန့်ဘလူမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဘုန်းကြီးဝါသဝကတော့ လူတွေကို သတ်ဖို့၊ ဒရုန်းတွေနဲ့ ကြဲချပြီး ကျေးရွာတွေကို ပြာကျအောင်လုပ်ဖို့ စတဲ့ စစ်မိန့် ခွန်းတွေ ပြောဆိုနေတာတွေဟာ ဗုဒ္ဓလမ်းစဉ်နဲ့ လုံးဝ ဆန့်ကျင်နေတယ်လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ပါတယ်။ 

“သူတို့ရဲ့လုပ်ရပ်တွေဟာ ဗုဒ္ဓရဲ့လမ်းစဉ်တွေနဲ့ တခြားစီပဲ။ ဗုဒ္ဓဟာ ငြိမ်းချမ်းရေးဖြစ်တယ်။” လို့ ဆရာတော်က မိန့်ပါတယ်။ 

မေတ္တာသုတ်ထဲမှာ နိုင်ငံသူ နိုင်ငံသားတွေ အချင်းချင်း ဒုက္ခဖြစ်ချင်းကို အလိုမရှိ၊ သုခဖြစ်ခြင်းကို အလိုရှိရ မယ်လို့ ဟောထားပေမယ့် ဝါသဝအပါအဝင် သံဃာတချို့ဟာ တတိုင်းပြည်လုံးဆင်းရဲခြင်းကို အလိုရှိနေကြသလို ဆင်းရဲအောင်လုပ်နေတဲ့ စစ်အာဏာရှင်တွေကို သွားပြီးအားပေးနေတာဟာ ဗုဒ္ဓတရားတော်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။ 

“ငါးပါးသီလနဲ့ ကြည့်ရင်လည်း အခြေခံဖောင်ဒေးရှင်း ငါးပါးသီလတောင် သူတို့က မလုံကြဘူး။” လို့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က ထပ်မံမိန့်ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဂေါပကအဖွဲ့ဝင်လုပ်ခဲ့ဖူးသူ အမျိုးသားတဦးကလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ သာသနာ့ဝန်ထမ်းဆောင်ရမှာဖြစ်သလို ဗုဒ္ဓဘာသာကိုးကွယ်သူတွေအတွက် စံပြဖြစ်ရမယ့်ပုဂ္ဂိုလ်မျိုးတွေ ဖြစ်သင့်ပေမယ့်လည်း အခုအခါမှာတော့ ဝိနည်းတွေနဲ့ မညီတဲ့အပြင် ငွေကို သာသနာအတွက်သာမက မိမိကိုယ်ကျိုးအတွက်ပါ အသုံးပြုလာသလို၊ အမျိုးသမီးတွေနဲ့လည်း ဖက်လှဲတကင်းနေတာ အစရှိတာတွေ လုပ်ကိုင်လာကြတဲ့အပေါ် ဆရာတော်ကြီးတွေက မသိကျိုးကျွံပြု လျစ်လျူရှုထားကြတယ်လို့ ဆိုပါတယ်။

“အခုသူတို့(ဘုန်းတော်ကြီးများ)က ကျော်မကောင်း၊ ကြားမကောင်း ဖောက်ပြန်နေကြတော့ ဦးတို့တောင်မှ ဆန်းစစ်လာရပြီ။ မင်းမိန့်နဲ့လည်း မပြုပြင်၊ ဓမ္မကြောင်းအရလည်း မဆုံးမ၊ ကြာတော့ဟိုတုန်းက မကောင်းရင် ကျောင်းပို့ ဆိုတဲ့စကားကြားဘူးတယ်။ မကောင်းသူကို ကောင်းအောင်ကျောင်းပို့ခိုင်းတယ်မှတ်တာ အခုတော့ မကောင်းသူတွေ စုနေတဲ့အရပ် ကျောင်းကိုသာပို့လိုက်ပါလို့ ပြောသလိုဖြစ်နေပြီ။” လို့ သူက မှတ်ချက်ပြုပါတယ်။ 

သံဃာတော်တချို့ရဲ့ အခုလို လုပ်ရပ်တွေကြောင့် ခေတ်လူငယ်တော်တော်များများဟာ ဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုနည်းပါလာပြီး ဘာသာမဲ့ဖြစ်ချင်ကြောင်း လာရောက်ပြောဆိုတိုင်ပင်ကြတာရှိတယ်လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ထပ်မံ မိန့်ဆိုပါတယ်။

ဘာသာမဲ့ဖြစ်ချင်ကြောင်း လာရောက်ပြောဆိုတဲ့အခါ ဘာသာမဲ့လို့ရကြောင်း၊ ဘုရားဟာ ဘာသာကို မတည် ထောင်ခဲ့ကြောင်း၊ ဗုဒ္ဓဘာသာထဲဝင်ကြဖို့ မပြောခဲ့ကြောင်း၊ သစ္စာတရား ဓမ္မကိုပဲ ကာကွယ်ကျင့်ကြဖို့၊ အဓမ္မကို မကျင့်ကြဖို့နဲ့  ဓမ္မကိုပဲကျင့်ကြဖို့ကိုသာ ဗုဒ္ဓက ဟောကြားဆုံးမခဲ့ကြောင်း ပြန်လည်ရှင်းပြရတယ်လို့ ဆရာတော်က မိန့်ဆိုပါတယ်။ 

သံဃာတော်တွေပါဝင်ခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်သူတွေဟာ သံဃာတော်တွေပေါ်မှာ လေးစားကြည်ညိုစိတ်တွေ ဖြစ်ခဲ့ကြပေမယ့် ၂၀၀၈ မှာ ၉၆၉၊ မဘသ စတဲ့ ဘာသာရေး၊ အမျိုးသားရေး အဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ဗုဒ္ဓဘာသာကိုးကွယ်သူတွေကြားထဲမှာ ဘာသာရေးကိုးကွယ်ယုံကြည်မှုတွေ လျော့ကျလာခဲ့တယ်လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ဆိုရှင်းပြပါတယ်။ 

စစ်တပ်အသိုင်းအဝိုင်းကလည်း အဲဒီအမျိုးသားရေး၊ ဘာသာရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချတာတွေရှိခဲ့ပါတယ်။ 

အဲဒီအချိန်ကတည်းက ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုနည်းပါးလာခဲ့ရာကနေ အခုလို ဆိုရှယ်မီဒီယာတွေ ပေါ်ထွန်းလာတဲ့ခေတ်မှာ ဘုန်းကြီးတချို့ရဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာတဲ့အပေါ် ခေတ်လူငယ်တွေဟာ ဘာသာရေးအပေါ်အလေးမထားတော့ဘဲ ယုံကြည်သက်ဝင်မှုပါ မဲ့လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် သံဃာတော်တွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ကို ဆရာတော်ကြီးတချို့နဲ့ သံဃာတချို့က အားပေးထောက်ခံနေ တဲ့အတွက် ပြည်သူတွေဟာ အရင်ကထက်စာရင် ဘာသာရေးကိုးကွယ်ယုံကြည်မှုအပေါ်မှာ အများကြီး လျော့ကျလာခဲ့ပါတယ်။ 

“လူငယ်တွေကပဲ တိုင်းပြည် ဓမ္မအမှန်တရားထွန်းကားရေးအတွက် အသက်စွန့်နေကြတဲ့အချိန်မှာ သူတို့က အာဏာရှင်နဲ့ပေါင်းစပ်တယ်ဆိုတော့ လူငယ်တွေအနေနဲ့ မမှားပါဘူး။ ဘုန်းကြီးဆိုတာ ဓမ္မအတွက် အသက်စွန့်ရဲရမယ့်ကိစ္စမှာ အဓမ္မအားပေးကြတယ်ဟေ့ဆိုတော့ ဒါကတော့ မြင်ကြမှာပဲလေ။ လူငယ်တွေ မှားတဲ့ ကိစ္စမှ မဟုတ်တာ။” လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ဆိုပါတယ်။

ဆိုရှယ်မီဒီယာတွေ အားကောင်းလာတဲ့အတွက် တချို့ဘုန်းကြီးတွေဟာ သူတို့ကိုယ်တိုင် ရှက်ရကောင်းမှန်း မသိ အွန်လိုင်းပေါ်မှာ Live လွှင့်ပြီး သီချင်းဆိုတာ၊ Tiktok ပေါ်တက်ပြီး သီချင်းဆိုတာမျိုးတွေ ပြုလုပ်နေကြတာဟာ ဘုန်းကြီးက ဘုန်းကြီးလိုကျင့်ကြံအားမထုတ်ဘဲ လူတွေလို ကျင့်ကြံလုပ်ကိုင်နေတာ၊ အဓမ္မအမှုတွေကို အားပေးအားမြှောက်လုပ်နေတာတွေဟာ သာသနာပျက်လာရခြင်း၊ ဘာသာမဲ့များပြားလာရခြင်းဖြစ်ကြောင်း ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က အခုလို မိန့်ပါတယ်။  

“မြန်မာပြည်ကြီးအခုလို ပျက်ရခြင်းဟာ ဘာသာမဲ့ကုန်လို့ ပျက်ကြတာမျိုးမဟုတ်ဘဲ ဓမ္မမဲ့လို့  ပျက်ကြတာဖြစ်တယ်”

*အမည်လွှဲ

#မြေလတ်အသံ

#ဘာသာရေး #ဆောင်းပါး #ဗုဒ္ဓဘာသာ #ဘာသာမဲ့ #ဘုန်းကြီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10