သက်တမ်းနုကျွန်းတွေခုတ်လို့ ပြန်လွှတ်ပေးထားသူနှစ်ဦးအပါ သစ်ခုတ်သူတွေကို ထပ်ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်ထဲမှာ သက်တမ်းနုကျွန်းတွေကို ခုတ်လို့ ဖမ်းပြီးပြန်လွှတ်ပေးထားတဲ့ အမျိုးသားနှစ်ဦးပါ ၄ဦးအဖွဲ့ကို  ကျွန်းသစ်တွေနဲ့အတူ ထပ်မံဖမ်းမိတဲ့အတွက် သတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ တပ်ခွဲမှူးရဲဘော်ဒေဝက ပြောပါတယ်။

အုတ်ဖိုမြို့နယ် ဂမုန်းသစ်တောကြိုးဝိုင်း သစ်ကွက်အမှတ် ၅၆ ရှိ ဧက ၂၀၀ စိုက်ကွက်ထဲက ခုတ်လှဲထားတဲ့ ကျွန်းပင် ၆ . ၈ တန်ကို ဩဂုတ် ၃၀ ရက် မနက် ၉ နာရီက တွေ့ရှိသိမ်းဆည်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီကျွန်းနုပင်တွေဟာ လုံးပတ် ၂ ပေ ၃၅ လုံး၊ လုံးပတ် ၂ ပေခွဲ ၃၀ လုံးနဲ့၊ လုံးပတ် ၃ ပေ ၁၅ လုံး စုစုပေါင်းအလုံးရေ ၈၀ ရှိပြီး အားလုံးဟာ အလျား ၁၂ ပေစီရှိတယ်လို့ သိရပါတယ်။

သစ်ခိုးထုတ်သူတွေမှာ ခိုင်းကျွဲ ၂၄ ကောင်နဲ့ ခိုင်းနွားတွေအပြင် ဆိုင်ကယ်တွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ သိမ်းဆည်းထားတဲ့ ကျွန်းသစ်တွေကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကိုလည်း သတင်းပို့ထားပြီး တပ်ရင်းပိုင်အဖြစ် ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လလယ်ကလည်း အုတ်ဖိုမြို့နယ် ဂမုန်းသစ်တောကြိုးဝိုင်း အကွက်အမှတ် ၅၆ နဲ့ ၅၇ ကသက်တမ်းနုကျွန်းပင်တွေကို လူ ၂၀ ဦးကျော်နဲ့ ခိုင်းကျွဲတွေသုံးကာ ကျွန်းသစ် ၄ တန်နီးပါးကိုခုတ်လှဲယူလို့ အဲဒီအထဲက ၁၅ ကုဗကိုသာ သိမ်းယူခဲ့ပြီး စည်းရုံးပညာပေးကာ လူနဲ့ ခိုင်းကျွဲတွေကို ပြန်လွှတ်ခဲ့ပါသေးတယ်။

မြေ‌အောက်ပြောက်ကျားတပ်ဖွဲ့  -အုတ်ဖိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ် စစ်ဆင်ရေးနယ်မြေထဲရှိ ကျေးရွာတွေက ဒေသခံတွေဆီကို သွား‌ရောက်တွေ့ဆုံကာ သစ်တောကြိုးဝိုင်းတွေကို ထိန်းသိမ်းဖို့ ပညာပေးစည်းရုံးခဲ့ကြပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#အုတ်ဖို #ကျွန်း  #သစ်ခုတ်သူတွေများ #ထပ်မံဖမ်းမိ #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10