သက်တော် ၁၀၇ နှစ်ရှိ ပန်းတောင်းမြို့နယ်သံဃနာယကဩဝါဒစရိယဆရာတော်ကြီး ပျံလွန်တော်မူ

သက်တော် ၁၀၇ နှစ်ရှိ ပန်းတောင်းမြို့နယ်သံဃနာယကဩဝါဒစရိယဆရာတော်ကြီး ပျံလွန်တော်မူ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြိုနယ်၊ ကျောက်ဖူးကျေးရွာက  သက်တော် ၁၀၇ နှစ်ရှိ ဆရာတော်ကြီး စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ ပျံလွန်တော်မူခဲ့တယ်လို့  ဆရာတော်ကြီးနဲ့နီးစပ်သူတွေထံက သိရပါတယ်။ 

ကျောက်ဖူးကျေးရွာ၊ ပညာမဏ္ဍိုင်ကျောင်းမှာ သီတင်းသုံးနေတဲ့  သက်တော် ၁၀၇ နှစ်၊ ဝါတော် ၈၇ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသာရ ဟာ စက်တင်ဘာ ၈ ရက် မနက်  ၂ နာရီကျော်က လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

“ဆရာတော်ကြီးက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက လမ်းမလျှောက်နိုင်တာ၊ ဆွမ်းဘုန်းတော့ ပေးနိုင်တယ်။ ပျံတော်မမူခင်တလလောက်ကစပြီး အစာလည်းမဝင် ရေလည်းမဝင်တော့တာ အဖတ်တွေဆို ထွေးထုတ်ပစ်တယ်။ Ensureတွေ အားဆေးတွေ အကြောဆေးတွေနဲ့ထားရတာ" လို့ ဆရာတော်ကြီးရဲ့ တပည့်ရဟန်းတပါးက မိန့်ပါတယ်။

ဆရာတော်ကြီးဟာ ပျံလွန်‌တော်မမူခင်အထိ ပန်းတောင်းမြို့နယ်သံဃာနာယကဩဝါဒစရိယနဲ့ ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ဝိနယာနဂ္ဂဟအသင်း ဩဝါဒစရိယအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆရာတော်ရဲ့တပည့်က မိန့်ပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို  စက်တင်ဘာလ ၁၄ ရက်(တော်သလင်းလဆန်း ၁၂)ရက်မှာ ကျောင်းတိုက်အတွင်းမှာ စံကျောင်းချ(နေရာပြောင်း) အခမ်းအနားပြုလုပ်မှာ‌ဖြစ်ပြီး အန္တိမဈာပနလုပ်ဆောင်ဖို့အတွက်ကို အဲဒီနေ့မှာပဲ သံဃာတော်တွေစည်းဝေးကာ သတ်မှတ်ကြမှာလို့ ဆိုပါတယ်။

ဆရာတော်ကြီးကို ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ မြို့ချောင်းရွာမှာ မြန်မာသက္ကရာဇ် ၁၂၈၀( ခရစ်နှစ် ၁၉၁၇)ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက် နံနက် ၅ နာရီမှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်း ၅ ဦးအနက်  အငယ်ဆုံးသားဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ပျံလွန်တော်မှုသည့် ဆရာတော်ပုံနှင့် ရုပ်ကလာပ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10