သင်္ကြန်မဏ္ဍပ်ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက အများသုံးလမ်းကို ပိတ်ပစ်

သင်္ကြန်မဏ္ဍပ်ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက အများသုံးလမ်းကို ပိတ်ပစ်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့က စစ်ကောင်စီရဲ့ ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံလိုက်ရပြီးနောက် လမ်းကိုပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဒီ မဏ္ဍပ်ဟာ ယမန်နေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ယင်းနေ့ညနေပိုင်းမှာပဲ လမ်းကိုပိတ်လိုက်တာလို့ ဆိုပါတယ်။


"ဘယ်အချိန် လမ်းပိတ်မှန်းတောင် မသိဘူး။ ကြိုပြီးအသိပေးတာလည်း မရှိဘူး။ ပိတ်ချင်ရင် ပိတ်လိုက်တာပဲ။ စည်းမဲ့ကမ်းမဲ့ လုပ်နေတာ။ ထပ်ပြီးဗုံးခွဲခံရမှာ ကြောက်လို့လေ" လို့ မြို့ခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့ပေါ် စျေး ၂ ရပ်ကွက်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ရှိတဲ့ ဘုရားကြီးလမ်းကို ဘယ်ရီဂိတ်တွေချပြီး လမ်းပိတ်ခဲ့တာဖြစ်ပြီး အဲဒီလမ်းမဟာ ပေါင်းတည်မြို့ရဲ့တောင်ဘက်နဲ့မြောက်ဘက်ကို အဓိကဆက်သွယ်ထားလမ်းဖြစ်လို့ ခရီးသွားလာသူတွေက ၄ လမ်းနဲ့ ၂ လမ်းတို့ကနေ ကွေ့ရှောင်သွားနေရတယ်လို့ ဆက်ပြောပါတယ်။

ခြေလျင်သွားလာခွင့်သာရပြီး ဆိုင်ကယ်နဲ့ ကားသွားလာခွင့်ကို ပိတ်ထားတာ​ကြောင့် အဲဒီလမ်းက စျေးဆိုင်တွေ စျေးရောင်းချရမှု နည်းပါးသွားတယ်လို့လည်း ဆိုပါတယ်။

ပေါင်းတည်မှာ စစ်ကောင်စီသင်္ကြန်မဏ္ဍပ် ဗုံးခွဲသတိပေးခံရတဲ့အတွက် မြို့ချင်းဆက်စပ်နေတဲ့ နတ်တလင်းစစ်ကောင်စီက မနေ့ညကစလို့ သင်္ကြန်မဏ္ဍပ်မှာ ရဲ ၆ ဦးကို ညအိပ်စောင့် ခိုင်းခဲ့သလို အနီးဝန်းကျင်မှာလည်း ကင်းပုန်းတွေ ချထားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်သင်္ကြန်ရက်မတိုင်မီကလည်း ပေါင်းတည်မြို့မဏ္ဍပ်အနီးနဲ့ မြို့ပေါ်ရပ်ကွက်တခုမှာ ဗုံးပေါက်ကွဲခဲ့သလို ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေကလည်း မဏ္ဍပ်အနီးပေါက်ကွဲတဲ့ဗုံးကြောင့် ရေကစားလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10