သင်္ကြန်အကြိုမနက် လက်ပံတန်းသင်္ကြန်မဏ္ဍပ်နဲ့ ရဲစခန်းဂိတ်ဗုံးကွဲ

သင်္ကြန်အကြိုမနက် လက်ပံတန်းသင်္ကြန်မဏ္ဍပ်နဲ့ ရဲစခန်းဂိတ်ဗုံးကွဲ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ မြို့မဈေးအနီးက စစ်ကောင်စီသင်္ကြန်မဏ္ဍပ်နဲ့ ဘီးလင်းတန်းလမ်းမှာရှိတဲ့ ရဲစခန်းဂိတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် PDFတပ်ရင်းတွေဆီက သိရပါတယ်။

ဧပြီလ ၁၃ ရက် သကြန်အကြို ဒီကနေ့မနက်ပိုင်းအစော ၅ နာရီခွဲဝန်းကျင်မှာ တည်ဆောက်နေတဲ့ စစ်ကောင်စီသကြန်မဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ နာရီခွဲဝန်းကျင်မှာ မြို့မရဲစခန်းအနောက်ဘက်ဂိတ်နေရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။


"ဒီနေ့ညနေဖွင့်ပွဲလုပ်မယ့် မဏ္ဍပ်နဲ့ ရဲစခန်းဂိတ်ကို ဗုံးခွဲခဲ့တာပါ။ ရဲနဲ့စစ်သားတွေ လုံခြုံရေးချထားတဲ့ အနီးဆုံးမှာ ဖောက်ခွဲဖို့ပါ။ မနက်အစော ရှာဖွေရေးတွေ လုပ်နေလို့ ချိန်ကိုက်ဗုံးကြိုတင်ခွဲလိုက်ရတာ၊ ထိခိုက်သေဆုံးတာတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေက ဧပြီလ ၁၂ ရက် ယမန်နေ့ကတည်းက မဏ္ဍပ်အနီးတဝိုက် လမ်းနှစ်ဘက်ကို ပိတ်ထားသလို သဲအိတ်ဘန်ကာတွေနဲ့ အကာအကွယ်လုပ်ထားပြီး၊ဗုံးဖောက်မှုခွဲအပြီးမှာ လုံခြုံရေးတင်းကြပ်ကာ မြို့တွင်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို တိုက်ထုတ်နေချိန်မှာ သင်္ကြန်ကာလအပါအဝင် အချိန်အခါမရွေး စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်မှာဖြစ်လို့ ပြည်သူများအနေနဲ့ စစ်ကောင်စီထောက်တိုင်နေရာတွေအနီး မနေကြဖို့ ထပ်မံသတိပေးတယ်လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ - လက်ပံတန်းမြို့ ဆောက်လုပ်ဆဲ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်အား ဧပြီလဒုတိယအပတ်အတွင်း တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10