သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စုအုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၇ ရက်ကပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ဆီက သိရပါတယ်။
ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အုတ်ဖိုတာဆုံရဲကင်းအနီးမှာ နေ့လယ် ၂ နာရီခွဲခန့်က သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်မိုက်နဲ့ လိုက်ကြေညာနေတဲ့ အသက် ၃၆ နှစ်အရွယ် ကိုအောင်ဇော် (ခ) ဇော်ထွန်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"သူ့အနားက ခြေလျင်ဖြတ်လျောက်သလိုနဲ့ ခေါင်းကိုတချက်ထဲပစ်လိုက်တယ်။ ပြီးတော့ အသင့်လာတဲ့ ဆိုင်ကယ်ပေါ်တက်ပြီး ဆုတ်လာတာ။" လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO တပ်ခွဲမှုး ရဲဘော်ဒေဝ ကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ကိုအောင်ဇော် ဟာ နေရာတင်သေဆုံးခဲ့ပြီး သူ့ဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုံး ၁ လုံး၊ ငွေသား ၅၇၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲဘော်ဒေဝက ဆက်ပြောပါတယ်။
အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကိုအောင်ဇော် (ခ)ဇော်ထွန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စစ်တပ်ဆီပေးပို့တာ၊ ဒေသခံတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူစုဆောင်းပေးတာ၊ ငွေကြေးကောက်ခံပေးတာနဲ့ သန်းခေါင်စာရင်း ကောက်ရာမှာ ဦးဆောင်ပါဝင်နေတာကြောင့် အခုလိုပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
အလောင်းကိုတော့ မနေ့ကနေ့လယ်ပိုင်းမှာပဲ စစ်ကောင်စီအဖွဲ့တွေက အုတ်ဖို့မြို့နယ်ပြည်သူ့ဆေးရုံကို နာရေးကူညီမှုအသင်းကားနဲ့ ပို့လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် ဒီမနက်ပိုင်းမှာတော့ သေဆုံးသူအလောင်းကို ဆေးရုံကနေ လိပ်ဥကုန်းကျေးရွာကို ပြန်လည်သယ်လာပြီး နေ့လယ်ပိုင်းမှာသင်္ဂြိုဟ်မယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း အုတ်ဖိုမြို့အနီးမှာ လောင်ကစားဝိုင်းပြုလုပ်နေချိန် မတောင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အောင်မင်းထက်ဆိုသူကိုလည်း အသတ်ခံခဲ့ရပါသေးတယ်။
ပုံစာ - အုပ်ချုပ်ရေးမှူး အောင်ဇော် အလောင်းနှင့် သိမ်းဆည်းရရှိခဲ့သည့်ပစ္စည်းများကို တွေ့ရစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #သန်းခေါင်စာရင်း #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ
Share Share Share