သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်းလမ်းပိုင်းပေါ်ရှိ သဖန်းကိုင်းကျေးရွာကို သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူဖို့ ရှေ့ပြေးလာတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဖောကားအဖြူနဲ့ ရှေ့ပြေးလာတဲ့ အင်အား ၂၅ ဦးပါ ကပစ ၁၂ ကစစ်သားတွေကို အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီလောက်က သဖန်ကိုင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့က ကျောက်ကြီးဘက်ကနေ သန်းခေါင်စာရင်းအဖွဲ့နဲ့အတူ သန်းခေါင်စာရင်းကောက်ပြီ ပြန်လာတာ။ နောက်နေ့ဆက်ကောက်ဖို့ နယ်မြေရှင်းလင်းတာ။ အဲ့မှာ ၅ နာရီ ၁၅ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ" လို သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

မင်းတုန်းမြို့နယ်၊ ကျောက်ကြီးရွာကတဆင့် သဖန်ကိုင်းနဲ့ မြေပြာကျေးရွာတို့ကို သန်းခေါင်စာရင်းကောက်ဖို့လာမယ့်အဖွဲ့အတွက် နယ်မြေရှင်းလင်းဖို့လာချိန်မှာ ရှေ့ထွက်မိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အလောင်းတွေကိုတော့ အဲ့ဒီညမှာပဲ ကပစ ၁၂ ဘက်ကို ပြန်သယ်သွားကြကာ ဒီအခြေအနေကို မျက်မြင်တွေ့ရှိသူတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်တဲ့နေရာအနီးတဝိုက် ကျေးရွာကဒေသခံတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ 

ကပစ ၁၂ ကတပ်သားတွေဟာ သရက်ခရိုင်အတွင်း စစ်ဆေးရေးဂိတ်တွေလုပ်ထားပြီး သန်းခေါင်စာရင်းကောက်သူတွေကိုလည်း အဓိကကူညီပေးနေတာလို့သိရကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

သရက်ခရိုင်အတွင်းရှိမြိုနယ်တွေမှာ မြို့ပေါ်ရပ်ကွက်နဲ့မြို့အနီးကျေးရွာတွေကလွဲပြီး သန်းခေါင်စာရင်း ကောက်ယူဖို့ ကျေးရွာတွေကျန်နေသေးတာကြောင့် စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်တဲ့ရက်ကို နောက်ထပ် ၁၅ ရက်ထပ်တိုးကောက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - ရှေ့တန်းရောက် သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ဖွဲ့၀င်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းတုန်း #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10