သပိတ်ကျင်းမှာ ပျူစောထီး ၇ ဦးကို ဖမ်းမိထားပြီး အရေးယူမယ်လို့ဆို၊ စစ်အုပ်စုနဲ့ပျူတွေ အလင်းဝင်ဖို့ တိုက်နယ်ပကဖ ပြော

သပိတ်ကျင်းမှာ ပျူစောထီး ၇ ဦးကို ဖမ်းမိထားပြီး အရေးယူမယ်လို့ဆို၊ စစ်အုပ်စုနဲ့ပျူတွေ အလင်းဝင်ဖို့ တိုက်နယ်ပကဖ ပြော

မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်အတွင်းရှိ ကျေးရွာတွေက ပျူစောထီးအဖွဲ့ဝင်တွေကို ဧပြီနဲ့မေလမှာ ဖမ်းဆီးရမိထားပြီး ဆက်လက်အရေးယူဆောင်ရွက်မယ်လို့ သပိတ်ကျင်းတိုက်နယ်ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဖမ်းဆီးရမိသူ ၇ ဦးဟာ အသက်အရွယ် ၃၀နဲ့ ၄၅ နှစ်အကြားရှိပြီး သပိတ်ကျင်းတိုက်နယ် လိပ်ကျ၊ ကျောက်ဖြူ၊ လေးမိုင်၊ ကဘဲ့ကြီး၊ ပေသောင် ၊ချောင်းကြီးရွာတွေက ပျူစောထီး(စစ်တပ်လက်အောက်ပြည်သူ့စစ်)တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"အရင်လကတည်းက ဖမ်းမိတာပါ။ အများဆုံးကတော့ ကျနော့်တိုက်နယ်ထဲက ပျူစောထီးရွာက ပျူတွေပါ။ လိုအပ်တာတွေ စစ်ဆေးနေပါတယ် "လို့ သပိတ်ကျင်းတိုက်နယ်ပကဖတာဝန်ခံ ဗိုလ်လင်းယုန်က ပြောပါတယ်။

ဖမ်းဆီးရမိထားသူတွေဟာ တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိတာအပြင်၊ ပျူစောထီးအဖြစ်နာမည်ဆိုးနဲ့ ကျော်ကြားတာကြောင့် ကျေးရွာတွေထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့သူတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့စစ်ဆေးမှုရုပ်သံမှာလည်း ၎င်းတို့ဟာ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)မှာ စစ်သင်တန်းတက်ရောက်ရပြီးနောက် စစ်တပ်လက်အောက်မှာ ပြည်သူ့စစ်(ပျူစောထီး)တွေအဖြစ် လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သပိတ်ကျင်းနယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတချို့ PDF တွေရဲ့ဖမ်းဆီးတာခံထားရတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးမိသူတွေနဲ့ပတ်သက်ပြီး သပိတ်ကျင်းတိုက်နယ်ပကဖအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ကွပ်ကဲမှုအဆင့်ဆင့်အလိုက်တင်ပြထားပြီး အထက်ညွှန်ကြားချက်အတိုင်း အရေးယူဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သပိတ်ကျင်းနယ်ထဲက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ Non-CDM ဝန်ထမ်းတွေ၊ ပြည်သူ့စစ်သင်တန်းဆင်းပျူစောထီးတွေအနေနဲ့ အချိန်မနှောင်းခင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ ချိတ်ဆက်အလင်းဝင်ဖို့ ဗိုလ်လင်းယုန်က အသိပေးပြောဆိုထားပါတယ်။

ပုံစာ-ဖမ်းဆီးရမိတဲ့ ပျူများကို စစ်ဆေးမေးမြန်းနေစဥ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10