သပိတ်ကျင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး စနိုက်ဘာထိကာကျဆုံး

သပိတ်ကျင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး စနိုက်ဘာထိကာကျဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး တိုက်ပွဲဖြစ်ပွားနေချိန် စနိုင်ဘာနဲ့အပစ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ်၊ ယင်းမတောရွာ (ပကဖ) မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။  

ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့သင်္ဘောကို နိုဝင်ဘာ ၁၅ ရက် မနေ့ညနေ ၄ နာရီက တကောင်းတိုက်နယ် တနေရာကနေ လက်နက်ကြီးနဲ့ ပစ်နေချိန် စနိုက်ဘာထိမှန်ခဲ့တာလို့ ပြောပါတယ်။

သေဆုံးသူဟာ တကောင်းတိုက်နယ်အခြေစိုက် အညာမြေမြင်းဖြူရှင်ပြောက်ကျားတပ်ခွဲ (တော်လှန်ငမန်း) တပ်ဖွဲ့ဝင် အသက် ၂၂ နှစ်အရွယ် ရဲဘော်တိုက်မောင်း (ခ) ကိုဝင်းကျော်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

“သင်္ဘောပေါ်က ပစ်လိုက်တဲ့ကျည်က ငယ်ထိပ်ကိုထိပြီးတော့ အိမ်အရောက်မှာကျသွားတာ” လို့ ဝက်လက်မြို့နယ် ယင်းမတောရွာ(ပကဖ)၊ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုဒိုးလေးက ပြောပါတယ်။ 

ရဲဘော်တိုက်မောင်းကို နိုဝင်ဘာ ၁၇ ရက်မနက်ဖြန်မှာ တကောင်းတိုက်နယ်တနေရာမှာပဲ အာဇာနည်ကျောက်တိုင်စိုက်ထူကာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အညာမြေမြင်းဖြူရှင်ပျောက်ကျားတပ်ခွဲ (တော်လှန်ငမန်း)ဟာ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့ရဲ့ တကောင်း တိုက်နယ်တပ်ခွဲဖြစ်ပြီး ရဲဘော်တိုက်မောင်းဟာ တော်လှန်ငမန်းအဖွဲ့က ပထမဆုံးကျဆုံးသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဧရာဝတီမြစ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘောမျိုးစုံသွားလာနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏဆိုသလို တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

ပုံစာ - စနိုက်ဘာထိမှန်ခဲ့တဲ့ရဲဘော်တိုက်မောင်းရဲ့အလောင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #သပိတ်ကျင်း #တကောင်းတိုက်နယ် #စနိုင်ဘာ #ဝက်လက်မြို့ #ယင်းမတောရွာ #မြင်းဖြူရှင်ပျောက်ကျား #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10