သမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာကွယ်လွန်

သမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာကွယ်လွန်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးပုဒ်မနဲ့အကျဉ်းကျနေတဲ့သမီးကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာပဲ ကွယ်လွန်သွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

သေဆုံးသူ အသက် ၆၇ နှစ်အရွယ် ဒေါ်ကြည်ညွန့်ဟာ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ သမီး ဖြစ်သူ မပန်းအိခင်ကို ရန်ကုန်မြို့ကနေ ထောင်ဝင်စာလာပို့ချိန် မတ် ၈ ရက် ညနေ ၃ နာရီခွဲလောက်က သေဆုံးခဲ့တာဖြစ်ပါတယ်။

“သမီးကိုထောင်ဝင်စာလာပို့ရင်း ထောင်ရှေ့မှာပဲ ဆုံးသွားတာ။ နေကလည်း အရမ်းပူနေတာလေ။ ဘာရောဂါမှ မရှိဘူးလို့ သိရတယ်“ လို့ သာယာဝတီမြို့က ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဒေါ်ကြည်ညွန့်ကို ဧပြီ ၉ ရက်မှာ မိသားစုဝင်တွေက သာယာဝတီမြို့မှာပဲ သင်္ဂြိုဟ်ခဲ့ကြပါတယ်။ 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ချုပ်(WOPP)ရဲ့  ဦးဆောင်ဝာာဝန်ခံ နိုင်ငံရေးအကျဉ်းသူဟောင်း မဇူးဇူးမေယွန်း ကတော့ “နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ပြောင်းပို့တာတွေ မလုပ်ဆောင်သင့်ဘူး။ သူ့မြို့နယ်နဲ့ သူသာ ထားမယ်ဆိုရင် မိသားစုတွေအတွက်လည်း အဆင်ပြေသလို အဘွားဒေါ်ကြည်ညွန့်လိုဖြစ်စဉ်မျိုးတွေ ဖြစ်လာစရာမရှိဘူး“ လို့ ပြောပါတယ်။

Women’s Organization Of Political Prisoners ရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်ကြည်ညွန့်ဟာ ထောင်ဝင်စာလာပို့စဉ် ထောင်ဗူးဝရှေ့မှာ  ဦးနှောက်သွေးကြောပြတ်ကာသေဆုံးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အကျဉ်ကျသူတွေထံ ထောင်ဝင်စာပါဆယ်ပို့ရာမှာ မိသားစုဝင်မဟုတ်ပါက အဆင်မပြေမှုတွေ ဖြစ်စေတဲ့ သတ်မှတ်ချက်တွေ အကျဉ်းဦးစီးဌာနက ထားရှိတာကြောင့် မိသားစုဝင်တွေအနေနဲ့ အခုလို ကိုယ်တိုင်သွားရောက် ပို့ဆောင်နေရတာဖြစ်တယ်လို့ Women’s Organization Of Political Prisoners ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေမှုတွေ ပြုလုပ်နေတဲ့အပြင် မိသားစုဝင် တွေကိုပါ သွယ်ဝိုက်သော နည်းလမ်းတွေနဲ့ အသက်ဆုံးရှုံးရအောင် ပြုလုပ်နေခြင်းဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေနဲ့ အခုလိုအသက်ဆုံးရှုံးခဲ့ရမှုအပေါ်  များစွာရှုတ်ချတယ်လို့ WOPP က ဆိုပါတယ်။ 

သာယာဝတီထောင်အတွင်း အကျဉ်းကျခံနေရတဲ့ မပန်းအိခင်ဟာ ၂၀၂၁ မတ် ၃ ရက်က တာမွေမြို့နယ် သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီနှစ် အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာကာ ၂၀၂၂ မှာ စစ်တပ်က နေအိမ်ကနေ ထပ်မံဖမ်းဆီးပြီး အင်းစိန်ထောင်တွင်း တရားရုံးကနေ ပုဒ်မ ၅၀၅ (က) နဲ့  ထောင်ဒဏ် ၃ နှစ်ချမှတ်ကာ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီ အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို နည်းလမ်းမျိုးစုံနဲ့  ညှင်းပန်းနှိပ်စက်ရာမှာ နာမည်ကျော်စောတဲ့ အကျဉ်းထောင်တခုလည်း ဖြစ်ပါတယ်။

ပုံစာ - သေဆုံးသူ ဒေါ်ကြည်ညွန့်။

စာတည်း - လင်းဇေ။

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီထောင် #နိုင်ငံရေးပုဒ်မ #နိုင်ကျဉ်း #ထောင်ဝင်စာ #မိခင် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10