သရက်မှာ ဆက်ကြေးကောက်ပြန်လာတဲ့ ရဲ ၄ ဦး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

သရက်မှာ ဆက်ကြေးကောက်ပြန်လာတဲ့ ရဲ ၄ ဦး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ဆက်ကြေးကောက်ပြီး ပြန်လာရာ ဇန်နဝါရီ ၁၈ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း Eagle Force အဖွဲ့ဆီက သိရပါတယ်။

သရက်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ ဆင်ကော်နယ်မြေရဲစခန်းဝန်းကျင်ရှိ ကြိုးကြာရွာ၊ မြို့လှရွာ၊ ရှော်ထောင်ရွာနဲ့ ရွာမရွာတွေမှာ ဆိုင်ကယ် ၂ စီးနဲ့ ဒုရဲအုပ်အပါအဝင် ရဲ ၄ ဦးက ဆက်ကြေးကောက်ခံပြီး အပြန်မှာ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ဒီကောင်တွေ ဆက်ကြေးကောက်ပြန်လာတာသိလို့ တိုက်ခဲ့တာပါ။ အရာရှိနဲ့ ရဲ ၁ ဦးက နေရာမှာ ပြန်မပစ်နိုင်ဘဲ သေသွားတယ်။ ကျန်တဲ့ ရဲ ၂ ယောက်က ထွက်ပြေးသွားတယ် " လို့ အမှတ် ၄ တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

အခုလို ကြိုးကြာရွာနဲ့ မြို့လှရွာကြား တိုက်ခိုက်ရာမှာ ၅ မိနစ်ကျော် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒုရဲအုပ် ၁ ဦးနဲ့ ရဲ ၁ ဦးနေရာမှာ သေဆုံးခဲ့ပြီး ကျန်ရှိတဲ့ ရဲ ၂ ဦးက ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို သရက်မြို့ပြည်သူ့ဆေးရုံနဲ့ ဆင်ကော်တိုက်နယ် ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း Eagle Force၊ ကျောင်းသားလက်ရုံး တပ်တော် S.A.F နဲ့ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ W.O.L.F တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - သရက်ခရိုင်အမှတ် ၄ တပ်ရင်း Eagle Force စစ်ကြောင်းထွက်နေစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #သရက်#ရဲတပ်ဖွဲ့ဝင် #ဆက်ကြေးကောက် #တိုက်ခိုက်ခံရ #သေဆုံး #ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10