သာယာဝတီခရိုင်ထဲက ရေကြီးနစ်မြုပ်မှုတွေမှာ ပြည်သူအချင်းချင်းကူညီ‌ပေးနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ မြစ်မခမြစ်ရေတက်လို့  ကျေးရွာပေါင်း ရာဂဏန်းဝန်းကျင် ရေကြီးနစ်မြုပ်နေတဲ့အပြင် တာတမံတွေကျိုးပေါက်မှာ စိုးတဲ့အတွက်လည်း ဒေသခံတွေဟာ ကိုယ့်အားကိုယ်ကိုးကာ ပြုပြင်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ဝန်းကျင်က စတင်ပြီး လူဦးရေတသိန်းဝန်းကျင်ဟာ ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရတာပါ။

အဲဒီအထဲက လက်ပံတန်းမြို့နယ်ရှိ မြစ်မခမြစ်ကို ကာထားတဲ့  မြင်ကဝအုပ်စု တမာရေကာတာ ကျိုးပေါက်မှာစိုးတဲ့အတွက်လည်း ဒေသခံတွေဟာ ဇူလိုင် ၇ ရက်ဝန်းကျင်ကစတင်ပြီး ကိုယ့်အားကိုယ်ကိုးကာ ပြုပြင်ခဲ့ရတယ်လို့ မြင်ကဝအုပ်စုထဲက ရာအိမ်မှူးတဦးကဆိုပါတယ်။

သာယာဝတီခရိုင်ထဲက ပရဟိတအဖွဲ့ဝင်တဦးကလည်း  လက်ရှိရေကြီးနစ်မြုပ်မှုတွေမှာ စစ်ကောင်စီဘက်က ပူးပေါင်းကူညီမှု အားနည်းတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အလားတူ  သာယာဝတီမြို့နယ် အလယ်ကုန်း - စံရွေး - ဖိုးခေါင်လမ်းပေါ်ရှိ  ဘေလီတံတား အမှတ် ၃ ရဲ့ ချဉ်းကပ်ကတ္တရာလမ်းဟာလည်း ရေတိုက်စားတဲ့အတွက် ဇူလိုင် ၂၈ ရက် ညက ကျိးပျက်ခဲ့သလို အဲဒီလမ်းပေါ်ရှိ စံရွေးရွာနဲ့  ညောင်ပင်သာရွာအနီးက အမှတ် ၂ ဘေလီတံတားဟာလည်း ဇူလိုင် ၂၆ ရက်ညနေက ရေတိုက်စားကာ ပျက်စီးတဲ့အတွက်  ကူညီကယ်ဆယ်ရေးသမားတွေဟာ စက်လှေတွေ အသုံးပြုကာ ကူညီနေရတယ်လို့  ပြောပါတယ်။

လက်ရှိမှာလည်း ရေတက်တာရပ်တန့်ခြင်းမရှိသလို မိုးအဆက်မပြတ်ရွာနေတဲ့အတွက် အလယ်ကုန်း - စံရွေး - ဖိုးခေါင်လမ်းပိုင်းအချို့ကို ရေကျော်နေပြီဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင်  သာယာဝတီခရိုင်ထဲက  အုတ်ဖိုနဲ့ မင်းလှမြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေဝင်ရောက်နေပြီး ပရဟိတ နဲ့  အလှူရှင်တွေကသာ ကူညီနေကြတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10