သာယာဝတီခရိုင်ထဲက အသစ်ဖွင့်တဲ့ စစ်‌ရှောင်စာသင်ဆောင်မှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ

သာယာဝတီခရိုင်ထဲက အသစ်ဖွင့်တဲ့ စစ်‌ရှောင်စာသင်ဆောင်မှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှိ ပဲခူးရိုးမထဲက စစ်ရှောင်ကလေးငယ်တွေအတွက် စာသင်ဆောင် တခုကို ဩဂုတ် ၁၅ ရက် မနေ့က ဖွင့်လှစ်ခဲ့ရာမှာ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီကျောင်းမှာ အသက် ၅ နှစ်ကနေ ၁၃ နှစ်ထိ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးကို CDM ကျောင်းဆရာမ ၁ ဦးနဲ့ တပ်ဖွဲ့ဝင်ထဲက ဘွဲ့ရ ရဲဘော်တချို့က သင်ကြားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိကတော့ ပုံနှိပ်စာအုပ်လိုတာရှိလည်း မျှသုံးရတယ်။ မနေ့ကဝယ်ထားတဲ့ လွယ်အိတ်ဝေတာမှာ  ၂ ယောက်အတွက် လိုနေလို့ မရတဲ့ကလေးက မျက်နှာငယ်သွားတာမျိုးလည်း ရှိတယ်။ ဒီလို သင်ကြားနိုင်ဖို့ မနှစ်ကတည်းက အားစိုက်တာ အခုမှ အောင်မြင်တယ်”လို့  တာဝန်ခံ ရဲဘော် ကိုကိုအောင်က ပြောပါတယ်။

ဒါ့အပြင် နှစ်ပတ်လည် သင်ကြားရမှာဖြစ်လို့ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေပြီး ရရှိလာမယ့် ကျောင်းအတွက် ရံပုံငွေကိုလည်း စနစ်တကျ စီမံသွားမှာဖြစ်တယ်လို့  သူကဆက်ပြောပါတယ်။

စာသင်ဆောင်အတွက် အလှူငွေထည့်ဝင်လိုပါကလည်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Page မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီစာသင်ဆောင်ကို ဝါးဘိုးဝါးတိုင်၊ ပျဉ်ခင်း၊ ထရံကာနဲ့ တာပေါ်လင်မိုးထားပြီး ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရံပုံငွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ဆောက်ထားတာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ပထမဆုံးစာသင်ဆောင်တခု ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်က‌တော့ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုမအစပ် ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ရွာက စစ်ရှောင်စာသင်ဆောင်တခုနဲ့ စစ်‌ရှောင်တဲတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ - စစ်ရှောင်စာသင်ဆောင်နဲ့ ကျောင်းသားကျောင်းသူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သယာဝတီခရိုင် #ပဲခူးရိုးမ #စစ်ရှောင် #စာသင်ကျောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10