သာယာဝတီထောင်ကလွှတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ဖမ်းထား

သာယာဝတီထောင်ကလွှတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ဖမ်းထား

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင်ကနေ ဇန်နဝါရီ ၄ ရက် မနေ့ကပြန်လွတ်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို စစ်ကောင်စီက ပြန်ဖမ်းထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် ကို သာယာဝတီထောင်က ပြန်လွှတ်ချိန်မှာ ရဲတွေက သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကိုခေါ်သွားပြီး ဆက်ဖမ်းထားတာလို့ ဆိုပါတယ်။ 

“ အခုက သာယာဝတီရဲစခန်းထဲမှာ ချုပ်ထားတယ်။ ဒီမနက် (ဇန်နဝါရီ ၅)အထိ မိသားစုနဲ့ ပေးမတွေ့ဘူး။ ဦးအောင်မြင့်က လွတ်ရက်စေ့ဖို့ ရက်ပိုင်းပဲလိုတော့တာ” လို့  မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။  

ဦးအောင်မြင့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက သဘာ၀ဘေးဥပဒေပုဒ်မ ၂၅ နဲ့ ဖမ်းပြီး သာယာဝတီထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာပါ။ 

အဲ့ဒီနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ လွတ်ရက်စေ့ပေမယ့် နေအိမ်ကို ပြန်ခွင့်မရဘဲ သာယာဝတီထောင်တွင်း တရားရုံးကိုခေါ်ကာ ပုဒ်မ  ၅၀၅ က နဲ့ ထပ်တိုးတရားစွဲပြီး နိုဝင်ဘာ ၁၂ ရက်မှာပဲ ထောင်  ၁ နှစ်ခွဲ ထပ်ချမှတ်ခံခဲ့ရပါတယ်။ 

သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးကတော့ ဦးအောင်မြင့်ဟာ နေအိမ်ကို ပြန်ရောက်ရင် ထွက်ပြေးမှာစိုးတဲ့အတွက် ခြေချုပ်နဲ့ခံဝန်လုပ်ခိုင်းဖို့ ရဲစခန်းကို ခေါ်ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ 

ဦးအောင်မြင့်ဟာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နဲ့ အရံဗဟိုအလုပ်အမှုဆောင် ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သာယာဝတီမြို့နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်တိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၄ ရက် မနေ့က သာယာဝတီထောင်ကနေ ပြန်လွတ်လာသူတွေထဲမှာ ဦးအောင်မြင့် အပါအဝင် အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၅၁ ဦးရှိတယ်လို့ သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #ထောင် #ပြန်လွတ် #ပြန်ဖမ်း #စစ်ကောင်စီ #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10