သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာ

သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာတီအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်ကန့်သတ်ထားသလို ဆေးဝါးသွင်းခွင့်ပါပိတ်ထားလို့ အကျဉ်းသားတွေရဲ့မိသားစုတွေ စိုးရိမ်နေကြတယ်လို့ သာယာဝတီအကျဉ်းထောင်နဲ့ နီးစပ်သူတဦး က ပြောပါတယ်။

ယခင်က အကျဉ်းသား ၁ ဦးကို ၁ လစာလောက်အထိ ပို့ခွင့်ရပေမယ့်လက်ရှိမှာအကျဉ်းသား ၁ ဦးအတွက် အသားဟင်း ၂၅ ကျပ်သား မာမားခေါက်ဆွဲ ၅ ထုပ် ကော်ဖီမစ် ၇ ထုပ်သာ သွင်းခွင့်ရပြီး အခြားပစ္စည်းတွေကိုပါ ကန့်သတ်ထားတာလို့ ဆိုပါတယ်။

“အခုလကုန်ရက်က ထောင်ဝင်စာသွားပို့မှ ကန့်သတ်တာကိုသိတာ၊ တလစာကြော်လှော်ပြီးယူသွားတာ အကုန်မပို့ရလို့ ပြန်ယူလာရတယ်၊ အရင်လိုလည်း အသားဟင်းကို ပလပ်စတစ်ဗူးနဲ့ထည့်လို့မရတော့ဘူး၊ ကြွတ်ကြွတ်အိတ်နဲ့ပဲ ထည့်ပေးရတော့တယ်၊ ဆေးဝါးသွင်းခွင့်လည်းမရဘူး၊ အကုန်စစ်ဆေးနေတာ" လို့ ပဲခူးတိုင်းအတွင်းက အကျဉ်းသား ၁ ဦးရဲ့မိသားစုဝင်အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ယခင်ကထောင်ထဲကို တိုင်းရင်းဆေး နိုင်ငံခြားဆေးသွင်းလို့ရပေမယ့် အခုခါသွင်းခွင့်မရလို့ မိသားစုဝင်အချို့အကျဉ်းသားတွေရဲ့ ကျန်းမာရေးကိုစိုးရိမ်ကာ ငိုကြသူတွေလည်းရှိတယ်လို့သူက ဆက်ပြောပါတယ်။

ဒါ့အပြင်ထောင်ဝင်စာသွင်းခွင့်ကို တပါတ်စာသာပို့ခွင့်ပြုသလို ထောင်ကနေအကျဉ်းသားတွေကို ရောင်းချပေးတဲ့ ဈေးဆိုင်ကိုလည်း မရောင်းချဘဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

“ထောင်မှာငွေသွင်းလို့တော့ရတယ်၊ ဈေးဆိုင်ပိတ်ထားတော့ ပိုက်ဆံရှိလည်း ဝယ်စားလို့မရဘူး၊ စားဖို့ပို့ထားရတာကလည်း တပါတ်စာပဲဆိုတော့ အစားအသောက်အတွက် စိတ်ပူရတယ်၊ အထဲကလူတွေစားရေးသောက်ရေး စိတ်ပူတယ်" လို့ ရန်ကုန်တိုင်းထဲက အကျဉ်းသားမိသားစုဝင် ၁ ဦးက ပြောပါတယ်။ 

အကျဉ်းထောင်ကိုလာတဲ့ အကျဉ်းသားရဲ့မိသားစုဝင်တွေဌားရမ်းလာတဲ့ ကားတွေကိုလည်း ထောင်ဝန်းအတွင်းအပြင် ရပ်နားပါက ရပ်နားခအနေနဲ့ အနည်းဆုံးကျပ် ၃၀၀ ကနေ ယာဉ်အမျိုးအစားအလိုက် ကောက်ခံနေတယ်လို့ ဆိုပါတယ်။  

အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတွေက မိသားစုဝင်တွေဆီကို စာရေးပို့ခွင့်ပြုပေမယ့် အဲ့ဒီစာဟာ ထောင်ဝန်ထမ်းတွေရဲ့ လက်ထဲကတဆင့်ပေးရတာဖြစ်လို့ ထောင်ထဲကအသေးစိတ်ဖြစ်စဉ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်အပါ နိုင်ငံတဝှမ်းရှိထောင်တွေကနေ ပြောင်းရွှေခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အမှုစစ်ဆေးဆဲနဲ့အမိန့်ချခံရသူဦးရေ အမျိုးသား အမျိုးသမီးစုစုပေါင်း ၉၀၀ ဦးဝန်းကျင်ရှိတယ်လို့လည်း သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာသူ ၁ ဦးက ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကင်ဆာ၊ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါအပါ ပုံမှန်ဆေးသောက်နေရတဲ့ ရောဂါခံစားနေရသူတွေလည်းရှိပြီး ဆေးသွင်းခွင့်မရပါက သူတို့အသက်အန္တရာယ်ကိုလည်း စိုးရိမ်တယ်လို့ အကျဉ်းသားရဲ့မိသားစုနဲ့ နီးစပ်သူ ၁ ဦးက ဆိုပါတယ်။

အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေတွေ့ဆုံခွင့်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကျဉ်းထောင်အတွင်း ဝင်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်တွေကြောင့် ပိတ်ထားခဲ့ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီက အဲဒီအကြောင်းပြချက်နဲ့ပဲ ဆက်ပိတ်ထားဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဩဂုတ်လ ၃၁ ရက်အထိစာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက  ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၉၀၁  ဦးထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီအထဲက ၇၂၁၀  ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီ #အကျဉ်းထောင် #နိုင်ကျဉ်း #AAPP #ထောင်ဝင်စာ #ဖိနှိပ်ချုပ်ချယ်မှု #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10