သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင် အာဏာပိုင်တွေက ခေါင်းစဥ်အမျိုးမျိုးတပ်ကာ အကျဥ်းသားတွေဆီက ငွေတောင်းနေတယ်လို့  သာယာဝတီထောင်က လွတ်မြောက်လာသူတဦးက ပြောပါတယ်။

အကျဥ်းထောင်အတွင်း အုတ်ရေကန်တည်ဆောက်တာ၊ လမ်းခင်းတာ၊ အခန်းဆေးသုတ်တာနဲ့ မီးလုံးတပ်ဆင်တာတွေကစ အကျဉ်းသားတွေကို ငွေတောင်းတယ်လို့ ဆိုပါတယ်။

"အကြောင်းအမျိုးမျိုးနဲ့တောင်းနေတာ။ အကျဥ်းသားတွေမသက်သာဘူး။ ကိုယ်နေတဲ့အဆောင်မှာပြင်ရင် အဲ့အဆောင်ထဲက အကျဥ်းသားတွေအားလုံးပေးရတာ။ ကိုယ့်အဆောင်ကိုယ်ပြင်ဆိုတဲ့သဘောမျိုး။ နောက်ဆုံးထောင်ပိုင်လေးရဲ့အိမ်က အိမ်သာနဲ့ရေစင်ပြင်တာလည်း ပေးရတာပဲ။ အဲဒါကျတော့ တထောင်လုံးပေးရတယ်။" လို့ သာယာဝတီထောင်ကလွတ်မြောက်လာသူတဦးက ပြောပါတယ်။

အဆောင်အတွင်းက တခန်းကို လူ ၉၀ လောက်ထားပြီး တခန်းကို ကျပ်လေးသိန်းခွဲအထိ ပေးရတာမျိုးတွေရှိကာ အခန်းသော့ပျက်တာကအစ အကျဥ်းသားတွေကိုဝယ်ယူခိုင်းသလို မပေးနိုင်သူတွေကို အရေးယူတာမျိုးတော့ မရှိဘူးလို့ သူကဆက်ပြောပါတယ်။

အဲဒီလိုငွေတောင်းခံမှုကို တောင်မှူးကနေ တန်းစီးချုပ်ကိုတာဝန်ပေးကာ အခန်းလူကြီးတွေကတဆင့် အခန်းထဲက အကျဥ်းသားတွေဆီကို သတ်မှတ်ချက်မထားဘဲတောင်းခံပြီး လိုအပ်ငွေကို ထောင်ထဲမှာ ငွေအပ်ထားသူတွေရဲ့ငွေထဲက ဖြတ်တောက်ယူတာလို့ ဆိုပါတယ်။

ထောင်တွင်းပြင်ဆင်မှုကို အကျဥ်းသားတွေကပြုလုပ်ရတာဖြစ်ပြီး ပြင်ဆင်ပြုလုပ်ချိန်မှာလည်း အလုပ်လုပ်နေတဲ့ အကျဥ်းသားတွေအတွက် ကော်ဖီနဲ့ကွမ်းယာ ကျွေးဖို့ဆိုကာ တန်းစီးတွေက ထပ်တောင်းတာတွေ လုပ်တယ်လို့လည်း ပြောပါတယ်။

အခုလို အကျဉ်းထောင်အတွင်း နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးနဲ့ ကျန်တဲ့ဖွံ့ဖြိုးရေးတွေကအစ အကျဥ်းဦးစီးဌာနရဲ့ ဘဏ္ဍာငွေကိုပဲ သုံးစွဲရတာဖြစ်ပြီး  အကျဉ်းသားတွေဆီက ငွေကောက်ခံတာမျိုးဟာ ဥပဒေပြဌာန်းချက် မရှိနိုင်ဘူးလို့ ရှေ့နေ့ တဦးက ပြောပါတယ်။

"ငွေတွေကောက်နေတာက သူတို့ ထောင်တွင်း၊ ဌာနတွင်း Hidd en Agenda တွေဖြစ်မယ်။သာမန်ပဲတွေးကြည့်ရင် အကျဥ်းချခံထားရတဲ့သူမှာ ဘယ်လိုလုပ် ဝင်ငွေရှိမှာလဲ။ အဲ့လို မရှိနိုင်တာကို ထင်ရှားနေတဲ့သူကို ငွေကောက်ခံရမယ်လို့ ပြဌာန်းချက်မျိုး၊ တရားဝင်ညွှန်ကြား ချက်မျိုး ထုတ်တာမျိုးက မရှိနိုင်ဘူး။ ဌာနတွင်း စီမံမှု ညွှန်ကြားမှု တခုဖြစ်မယ်။ ဥပဒေမဲ့၊ လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ လုပ်ရပ်မျိုးပဲ ဖြစ်လိမ့်မယ်" လို့ အဲ့ဒီရှေ့နေ့က ပြောပါတယ်။

သာယာဝတီထောင်မှာ တနှစ်ခွဲ အကျဉ်းချခံရပြီး လွတ်မြောက်လာသူကတော့ ထောင်တွင်းမှာ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီးတောင်းတဲ့ ငွေကြေးစုစုပေါင်း တသိန်းငါးထောင် ပေးခဲ့ရတယ်လို့ ပြောပါတယ်။

သာယာဝတီထောင်ထဲမှာ ဘားအံ၊ အင်းစိန်၊ ပုသိမ်နဲ့ပြည်အကျဥ်းထောင်တွေကပြောင်းရွှေ့လာတဲ့အကျဥ်းသားတွေကိုလည်း ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

 

စာတည်း - ဇို

#မြေလတ်အသံ

#သာယာဝတီ #အကျဉ်းထောင် #အကျဉ်းသား #တရားမဝင် #ငွေတောင်း #ဥပဒေမဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10