သာယာဝတီမီးနင်းချောင်းစစ်ဆေးရေးဂိတ်ပြန်ဖွင့်ပြီး လုံခြုံရေးတင်းကြပ်စွာစစ်ဆေး

သာယာဝတီမီးနင်းချောင်းစစ်ဆေးရေးဂိတ်ပြန်ဖွင့်ပြီး လုံခြုံရေးတင်းကြပ်စွာစစ်ဆေး

ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်လမ်းပေါ်က သာယာဝတီမီးနင်းချောင်းစစ်ဆေးရေးဂိတ်ကို ဇွန်လ နောက်ဆုံးပတ်ထဲမှာ ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးမှုတွေကို တင်းကြပ်စွာဆောင်ရွက်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ 

 

စစ်ကောင်စီဟာ ရန်ကုန်-ပြည်လမ်းတလျှောက်က စစ်ဆေးရေးဂိတ်အားလုံးကို ဇွန်လ ၁၇ ရက်က ပိတ်သိမ်းခဲ့တာဖြစ်ပြီး အခု ဇွန်လနောက်ဆုံးပတ်ထဲ သာယာဝတီမီးနင်းချောင်းစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ X Ray နဲ့ပါ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် ပြုလုပ်လာတာဖြစ်ပါတယ်။ 

 

"Expressဆို စီးလာသူအားလုံး ဆင်းလျှောက်ရတယ်။ အထုတ်ဆွဲပြီး လူတွေက ဓာတ်မှန်ခန်းက ဖြတ်ရတယ်။ Express ဆို ဝမ်းဗိုက်ထဲပါတဲ့ပစ္စည်းတွေကို စစ်* ၂ ယောက်က ဗိုက်ထဲအထိ ဝင်စစ်တယ်။ အိမ်စီးကားတွေကိုလည်း နောက်ဖုံးထဲပါတဲ့ပစ္စည်း အကုန်ဖွင့်ပြရတယ်။ ရန်ကုန်ပြန်ကို ပိုစစ်တယ်" လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ခရီးသွားပြည်သူတဦးက ဆိုပါတယ်။ 

 

ရန်ကုန်-ပြည်လမ်းတလျှောက် မြို့တွေမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက စစ်သားနဲ့ရဲတွေဟာ ခရီးသည်ကားနဲ့ ကုန်ကားတွေကို စစ်ဆေးတာမျိုး၊ ကားအနီးလာတာမျိုး မရှိပေမယ့် ယာဥ်နောက်လိုက်တွေက ဂိတ်အတွင်းဝင်ရောက်ကာ လိုင်းကြေးအနေနဲ့ ၅၀၀ ကျပ်၊ ၁ ထောင်ကျပ်ပေးတာမျိုးတော့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

 

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇူလိုင် ၁ ရက် ဒီကနေ့ကြေညာချက်မှာတော့  ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တွေက စစ်ကောင်စီနေရာတွေကို တန်ပြန်ထိုးစစ်အရှိန်အဟုန်မြှင့်သွားမှာဖြစ်လို့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေမှာ ပြည်သူတွေအနေနဲ့  ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအတွင်း ခရီးမသွားကြဖို့ ထုတ်ပြန်ထားပါတယ်။

 

အခုလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ ရန်ကုန် - ပြည်လမ်းတလျှောက် စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာနိုင်တယ်လို့လည်း သာယာဝတီခရိုင်ပကဖအဖွဲ့ဝင်တဦးက ဆိုပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #ရန်ကုန်ပြည်လမ်း #သာယာဝတီ #မီးနင်းချောင်းစစ်ဆေးရေးဂိတ် #X_Ray

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10