သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး

သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီရုံးကို ဧပြီလ ၂၅ ရက် မနေ့ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ ခရိုင်နဲ့မြို့နယ် NLD ပါတီရုံးကို စစ်သား၊ရဲ၊ပျူစောထီးနဲ့ မဘသ အဖွဲ့ဝင်တွေပါဝင်တဲ့ အင်အား ၃၀ ခန့်က ရုံးအဆောက်အဦအတွင်း ဝင်ရောက်ဖျက်စီးခဲ့တာလို့ သာယာဝတီမြို့နယ် NLD တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။


“ရုံးရှေ့က ခရိုင်၊မြို့နယ် ပါတီဆိုင်းဘုတ်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်၊ အလံတိုင်တွေကို ဖျက်စီးတယ်။ ရုံးထဲက ပါတီအမှတ်တံဆိပ်ပါတဲ့ပစ္စည်းတွေ ဖျက်စီးတယ်။ အမေစု(ဒေါ်အောင်ဆန်းစုကြည်) ဓာတ်ပုံကို ခြေထောက်တွေနဲ့နင်းပြီး ဖျက်စီးတာတွေလုပ်သွားတယ်။ အသေးစိတ်ကိုတော့မသိရသေးဘူး။ ခုလည်းပါတီရုံးနားမှာ ဓာတ်ပုံရိုက်လို့မရအောင် ကင်းပုန်းဝပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရုံးအတွင်း ဝင်ရောက်ဖျက်စီးခဲ့တာဖြစ်ပြီး ရုံးအဆောက်အဦအနေနဲ့ ပျက်စီးတာမျိုးမရှိဘဲ အတွင်းပိုင်းပစ္စည်းတွေပျက်စီးဆုံးရှုံးတာတွေကိုတော့မသိရသေးဘူး လို့ဆိုပါတယ်။

"ဒီလုပ်ရပ်ဟာ စကစရဲ့စိတ်ဓာတ်သေးသိမ်တဲ့ လုပ်ရပ်ဖြစ်တယ်။ အောက်တန်းစားလုပ်ရပ်လို့ ကျနော်အနေနဲ့သတ်မှတ်တယ်၊ ပါတီက မှတ်ပုံမတင်လို့ဆိုရင်လည်း ချိတ်ပိတ်ချင်ပိတ်လိုက်ပေါ့ဗျာ။ မြို့လယ်ခေါင်မှာ လုပ်သွားတဲ့ ဗရမ်းဗတာလုပ်ရပ်ပါ။ သူတို့က ပြည်သူ့တံတွေးခွက်ထဲ ထပ်မျောနေအုံးမှာ” လို့ သာယာဝတီ မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် NLD ပါတီရုံးနဲ့ကပ်လျက်ရှိတဲ့ သာယာဝတီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးမှာ စစ်ကောင် စီတပ်က တပ်စွဲကာ လုံခြုံရေးအပြည့်ချထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သာယာဝတီမြို့နယ် NLD ပါတီကနေ ရွေးကောက်ပွဲအနိုင်ရထားတဲ့ လွှတ်တော်အမတ် ၄ ဦးမှ ဦးအောင်မြင့်နဲ့ ဦးကျော်ကိုကိုစိန်တို့ကို ဖမ်းဆီးထောင်ချထားပြီး၊ ဒေါ်သိမ့်နန္ဒာအေးနဲ့ ဦးဝင်းကြိုင်တို့ ၂ ဦးမှာလည်း ထွက်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - ပုံစာ- သာယာဝတီမြို့NLD ပါတီရုံး(ပုံဟောင်း)။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10