သာယာဝတီမှာ ပျူ‌စောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

သာယာဝတီမှာ ပျူ‌စောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က ပျူစောထီးသင်တန်းဆင်းလည်းဖြစ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၄၀ နှစ်အရွယ် ကိုလွင်မောင်ကို ဇန်နဝါရီ ၂၄ ရက် မနေ့ည ၇ နာရီခွဲလောက်မှာ သူနေထိုင်တဲ့ သရက်ဖြူကန်ရွာနေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ 

ဒီစစ်ဆင်ရေးကို သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့  သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ရဲဘော်တွေက ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

”သေနတ်နဲ့  ၄ ချက်ပစ်ခဲ့တာ။ ပွဲချင်းပြီး သေသွားပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ပြည်သူတွေဝိုင်းလာလို့ အပေါ်ကိုထောင်ပြီး ၁၅ ချက်လောက် ဆွဲခဲ့ရတယ်။ အဲ့ဒါမှ ရှင်းသွားတာ“လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။

အဲ့ဒီနောက် ကိုလွင်မောင်ရဲ့ နေအိမ်ကနေ ကျည်ကာအင်္ကျီ ၂ ထည်နဲ့ ပြောက်ကျားဦးထုပ် ၁ လုံးကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့က ပေးပို့တဲ့ ရုပ်သံဖိုင်မှာတော့ ကိုလွင်မောင်ဟာ နေအိမ်ထဲမှာ လဲကျသေဆုံးနေတာကို တွေ့ရပြီး သူ့အိမ်အတွင်းမှာ အသုံးပြုနေဆဲဖြစ်တဲ့ စစ်ရောင်ပုခက်တွေလည်း တွေ့ရပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်က စစ်ကား ၄ စီးနဲ့ ရောက်လာပြီး ပတ်ဝန်းကျင်ကို သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ကာ အလောင်းကို သာယာဝတီဆေးရုံကို သယ်သွားတယ်လို့ ကိုတံခွန်ကပြောပါတယ်။

ကိုလွင်မောင်ဟာ စစ်ကောင်စီအလိုကျ ပြည်သူ‌တွေကို အနိုင်ကျင့်နေသူဖြစ်ပြီး ကျေးရွာနေပြည်သူတွေကိုလည်း ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းနေသူဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ညနေကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ရေတာရွာနဲ့ ကျေးပင်အင်းရွာကို အုပ်ချုပ်ရတဲ့ ပျူစောထီးခေါင်းဆောင်ကိုသန်းနိုင်နဲ့ ဇနီးဖြစ်သူတို့ကို အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ 

ပုံစာ - သေဆုံးသူ ကိုလွင်မောင်အလောင်းနှင့် သိမ်းဆည်းရရှိသည့် စစ်အင်္ကျီ။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #သာယာ၀တီ #စစ်ကောင်စီခန့် #ပျူစောထီးခေါင်းဆောင် #ရှင်းလင်းခံရ သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10