သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာ မြစ်ကမ်းပါးပြိုတာကြောင့်ဩဂုတ် ၂၄ ရက်က နေအိမ် ၉ လုံးကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြို့ခံပရဟိတအဖွဲ့ဝင်တဦးဆီက သိရပါတယ်။
သာယာဝတီမြို့နယ်ထဲကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်မခမြစ်ရေဟာ မိုးကာလရေတက်လာတဲ့အတွက် မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်နေလို့ ပြောင်းရွှေ့ပေးခဲ့တာလို့ ဆိုပါတယ်။
"ကမ်းပါးတွေက ရေတက်လာချိန်မှာလည်း ပြိုကျတယ် ရေပြန်ကျသွားချိန်မှာလည်း ပြိုကျလေ့ရှိတော့ ကမ်းထပ်ပြိုရင်အန္တရာယ်ရှိမှာစိုးလို့ ပြောင်းရွှေ့ပေးခဲ့တာပါ။ ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ မြစ်ကွေ့နေရာဖြစ်ပြီး ရေကြောင်းထိပ်တိုက်တိုးတဲ့နေရာလည်းဖြစ်တယ်" လို့ မြို့ခံပရဟိတအဖွဲ့ဝင်တဦး ကပြောပါတယ်။
အိမ်ပြောင်းရွှေ့ကြတဲ့ မိသားစုဝင်တွေဟာ လက်ရှိမှာဆွေမျိုးတွေရဲ့ နေအိမ်မှာနေထိုင်ကြပြီး နေအိမ်တွေဖျက်ရွှေ့ပေးဖို့ အကူညီတောင်းတဲ့အတွက် ရွှေ့ပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
နေအိမ်တွေပြောင်းရွှေ့ရာမှာ သာယာဝတီခရိုင်အတွင်းက ပရဟိတအဖွဲ့အစည်းတွေအပြင် သာယာဝတီမြို့နဲ့ သုံးဆယ်နယ်မြေမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တွေလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
နှစ်စဉ်ဆိုသလို မိုးနှောင်းကာလ မြစ်ရေတက်ချိန်တွင် မြစ်မခမြစ်ဘေးဝဲယာကမ်းပါးများ ပြိုကျလေ့ရှိပြီး စိုက်ခင်းတွေနဲ့ နေအိမ်နေရာတွေ ပြိုကျပါသွားတတ်တဲ့အတွက် ကြိုပြောင်းရွှေ့ကြရတာဖြစ်ပြီး ရေအတက်ကြမ်းတဲ့ နှစ်တွေမှာတော့ ပြောင်းရွှေ့ချိန်မရဘဲ နေအိမ်တွေ ရေထဲမျောပါပျက်စီးသွားလေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်မခမြစ်(ခေါ်) လှိုင်မြစ်မှာ ပြည်ခရိုင် အင်းမကန်များမှ အခြေခံကာ သာယာဝတီခရိုင် မြို့တွေကို ဖြတ်သန်းစီးဆင်းပြီး သစ်ထုတ်လုပ်ငန်းများအသုံးပြုတာ၊ ရွာများအလိုက် ငါးဖမ်းလုပ်ကွက်တွေ၊ ရေချိုငါးလုပ်ငန်းတွေအတွက် များစွာအကျိုးဖြစ်ထွန်းပြီး မိုးရာသီများတွင်တော့ မြစ်ကြောင်းတလျှောက်ရှိ အနိမ့်ပိုင်း မြို့နယ်များနဲ့ ကျေးရွာများထဲသို့ ရေဝင်ရောက်ကာ ရေကြီးရေလွှမ်းတာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - ကရင်စုလူငယ်လူမှုကူညီရေးအသင်းမှ ကူးယူဖော်ပြသည်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးအနောက်ခြမ်း #သာယာဝတီ #ကမ်းပြိုကမ်းစား #မြစ်မခ #နေအိမ်များရွေ့ပြောင်း #ပရဟိတ #မီးသတ်
Share Share Share