သားကျင်ရွာမှာ အထိုင်ချထားတဲ့စစ်တပ်က ရွာခံတွေကို မျိုးစုံအနိုင်ကျင့် နှိပ်စက်နေ

သားကျင်ရွာမှာ အထိုင်ချထားတဲ့စစ်တပ်က ရွာခံတွေကို မျိုးစုံအနိုင်ကျင့် နှိပ်စက်နေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွာထဲကလမ်းမှာ တွေ့တဲ့ပြည်သူတွေကို ရိုက်နှက်တဲ့အပြင် ရွာထဲလူနေအိမ်တွေထဲကိုပါ ဝင်ရောက်မွှေနှောက်နေတယ်လို့ YGYR - Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့တွေဆီက သိရပါတယ်။

 

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သားကျင်ရွာလယ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဟာ ၁ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာနဲ့ လမ်းသွားလမ်းလာပြည်သူတွေကနေ ငွေကြေးတောင်းခံတာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

 

“သူတို့ (စစ်ကောင်စီ)က ရွာထဲကနေထွက်သွားလိုက်၊ ပြန်ဝင်လာပြီး တပ်စွဲလိုက် အဲ့လိုမျိုးတွေ လုပ်နေတာ။ သူတို့ရွာထဲပြန်ဝင်လာပြီဆို လမ်းမှာတွေ့တဲ့လူတိုင်းကို စစ်တယ်၊ ရိုက်တယ်။ ငွေတွေ တွေ့ ရင်ယူသွားတယ်။ ဖုန်းတွေလည်း ယူသွားတယ်။ ရွာသားတွေကို ဖမ်းဆီးတာမျိုးတွေလည်း လုပ်တယ်”လို့ YGYR တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

 

လက်ရှိအချိန်ထိလည်း အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ရွာလယ်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့အတွက် သားကျင်ရွာကဒေသခံတွေဟာ အိမ်ပြင်ကိုပင်ထွက်မရဲဘဲ နေအိမ်တွေကို တံခါးပိတ်ပြီး နေနေရတယ်လို့ လည်းဆိုပါတယ်။

 

“အခုတော့ စစ်***တွေက အိမ်ပေါ်ထိတက်ပြီး ဝင်စစ်တာမျိုးတွေပါ လုပ်နေတယ်” လို့ YGYR တပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း သားကျင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်သား ၂ ဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားလို့ ငါန်းဇွန်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူအင်အား အများအပြားနဲ့ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့နယ် #သားကျင်ရွာ #စစ်ကောင်စီတပ် #YGYR

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10