သုံးဆယ်မြို့ပေါ်မှာ PDF နဲ့ စစ်ကောင်စီ ပြန်လှန်ပစ်ခတ်မှုဖြစ်

သုံးဆယ်မြို့ပေါ်မှာ PDF နဲ့ စစ်ကောင်စီ ပြန်လှန်ပစ်ခတ်မှုဖြစ်

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ပြန်လည်ပစ်ခတ်မှုဖြစ်ပွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး ၉ လမ်းထိပ်က ဝတ်ရည်မွန်စားသောက်ဆိုင်ရှေ့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဖေဖေါ်ဝါရီ ၁၅ ရက် ည ၈ နာရီခွဲလောက်မှာ ပစ်ခတ်ကြတာလို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ လက်နက်မပါတဲ့ PDF တဦးကို စစ်တပ်ဘက်က ဖမ်းမိသွားတဲ့အခါ PDF ရဲဘော်က ထွက်ပြေးတဲ့အတွက် စစ်တပ်ဘက် စတင်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“လက်နက်မဲ့တဲ့ ကျနော်တို့ ရဲဘော်ကို ဖမ်းဖို့ စစ်အုပ်စုဘက်က ကြိုးစားတာမှာ နှစ်ဘက်အပြန်လှန်ပစ်ကြတာ။ ကျနော်တို့ ရဲဘော် ၂ ဦးတော့ အန္တရာယ်ကင်းတယ်” လို့  သာယာဝတီဂဠုန်တပ်ဖွဲ့ က စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောပါတယ်။ 

နှစ်ဘက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရဲတဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်(ခ)ကြယ်လေးဆိုသူလည်း လက်မောင်းထိမှန်ဒဏ်ရာရသွားတယ်လို့ ကြားရကြောင်း သူက ဆက်ပြောပါတယ်။

နှစ်ဘက်ပြန်လှန် ပစ်ခတ်အပြီးမှာ သာယာဝတီဂဠုန်တပ်ဖွဲ့ ဘက်က ဆိုင်ကယ်နဲ့ ဆိုင်ကယ်အတွင်းမှာ ထည့်ထားတဲ့ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သာယာဝတီဂဠုန်တပ်ဖွဲ့က လုပ်‌ဆောင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁  နာရီဝန်းကျင်ကလည်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ရန်ကုန် - ပြည်လမ်းပေါ်က စစ်ကောင်စီဂိတ်ကို ကြို့ပင်ကောက် ပြောက်ကျားတပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါ သေးတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း  #သာယာဝတီခရိုင်  #သုံးဆယ်မြို့ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10