သေနတ်ကျည်မျိုးစုံနဲ့ AMBULANCE ကားတစီး ယူလာတဲ့ ရဲတဦးနဲ့ ကျန်းမာရေးဝန်ထမ်းတို့ အလင်းဝင်

သေနတ်ကျည်မျိုးစုံနဲ့ AMBULANCE ကားတစီး ယူလာတဲ့ ရဲတဦးနဲ့ ကျန်းမာရေးဝန်ထမ်းတို့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ကျန်းမာရေးဝန်ထမ်းတဦး အလင်းဝင်ရောက်လာတယ်လို့ ဒီဇင်ဘာ ၈ ရက်ယမန်နေ့ညမှာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA)က သတင်းထုတ်ပြန်ထားပါတယ်။  

ဒီဇင်ဘာ ၅ ရက်မှာ ကနီပြည်သူ့ဆေးရုံ ငှက်ဖျားဌာနက ဦးနေဇာအောင် အလင်းဝင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတပ်ကြပ်စိုးထက်အောင်တို့ အလင်းဝင်ခဲ့တာလို့ ပြောပါတယ်။ 

ဦးနေဇာအောင်ဟာ ကနီမြို့နယ်ဆေးရုံက AMBULANCE တစီးနဲ့ အလင်းဝင်ခဲ့ပြီး ဒုတပ်ကြပ်စိုးထက်အောင်ကတော့ ၇.၆၂ ကျည် ၄၀၊ ၅.၅၆ ကျည် ၂၀၊ လက်ထိပ်တခု၊ ဆိုင်ကယ်တစီးအပါ မိသားစုနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADPRA)ဆီကို အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

”အလင်းဝင်လာသူတိုင်းကို လူ့ဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်အရေးအပြည့်အဝရအောင် စီစဉ်ပေးထားတယ်။ ယူလာတဲ့ပစ္စည်းအပေါ်မူတည်ပြီး ဆုငွေချီးမြှင့်မယ်။ တိုက်ပွဲမှာဖမ်းမိပါက စစ်သုံပန်းအနေနဲ့ အရေးယူမှာဖြစ်တယ်။" လို့ ADPRA ကသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

လက်နက်မပါတဲ့သူတွေဆိုရင်လည်း တကိုယ်ရည် လိုအပ်တာနဲ့ သွားလိုရာကို လုံခြုံရေးနဲ့ ငွေကြေးတာဝန်ယူကာ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။ 

အခုအလင်းဝင်လာသူ ၂ ဦးကိုလည်း ခရီးစရိတ်ထောက်ပံ့ပေးထားသလို လုံခြုံရေးလည်း အပြည့်ယူပေးထားပြီး ကျန်းမာရေးဝန်ထမ်းယူဆောင်လာတဲ့ AMBULANCE ကားကိုတော့ အခြေစိုက်ဒေသရှိ NUG ကဖွင့်လှစ်ထားတဲ့ ဒေသအခြေစိုက်ဆေးရုံကို လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေယူဆောင်လာတဲ့ မောင်းပြန်တလက်ကို ကျပ်သိန်း ၃၀၊ ကာဘိုင် ကျပ်သိန်း ၂၀ နဲ့ ကျည်တတောင့်ကို ကျပ် ၆၀၀၀ နှုန်း တပ်ရင်းပိုင်ငွေနဲ့ ချီးမြှင့်ပေးသလို အလင်းဝင်လာသူတွေကို MOD (အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန)ကိုလည်း တင်ပြထားပြီး ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ADPRA ကို အလင်းဝင်လာတဲ့ ရဲ ၂ ဦးနဲ့  ပျူစောထီး ၁ ဦးလည်းရှိသေးပြီး အခု ၂ ဦးအပါ အလင်းဝင်သူ ၅ ဦး ရှိပြီလို့  သိရပါတယ်။

ပုံစာ - အလင်းဝင်လာသူများနှင့် ယူဆောင်လာသည့် လက်နက်ခဲယမ်း၊ AMBULANCE ယာဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #ကျန်းမာရေးဝန်ထမ်း #ရဲတပ်ဖွဲ့ဝင် #အလင်းဝင်ရောက် #လက်နက်ခဲယမ်း #မော်တော်ယာဉ် #မြေလတ်သတင်း #ပြည်သူ့ရင်ခွင် #ပြည်သူ့ပန်းတိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10