သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ ဇယ်တောက်နေတဲ့ ပျူခေါင်းဆောင်ဆိုသူ သေဆုံး

သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ ဇယ်တောက်နေတဲ့ ပျူခေါင်းဆောင်ဆိုသူ သေဆုံး

မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ တက်ဝန်းကျေးရွာမှာနေထိုင်တဲ့ ပျူခေါင်းဆောင်ဆိုသူကို ဧပြီ ၂ ရက်က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Yenanthar Youth Force - ရေနံချောင်းတပ်ဖွဲ့ဆီက သိရပါတယ်။

ပျူခေါင်းဆောင် တိုင်းမြို့ ဆိုသူက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတာဖြစ်ပြီး အုပ်ချုပ်ရေးမှုးနဲ့ပူးပေါင်းကာ လူငယ် ၂၈ ဦးကို ပျူသင်တန်းပေးနေတာကြောင့် နေ့လယ် ၁၂ နာရီ ၄၀ ခန့်က ဇယ်တောက်ခုံထိုင်နေချိန် သေနတ်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူက ပျူခေါင်းဆောင်တယောက်ပါ။ စစ်မှုထမ်း သင်တန်းလည်း ပေးနေတယ်။ ဇယ်တောက်နေတုန်း ဦးခေါင်းပိုင်းကို သေနတ်နဲ့ ၃ ချက်ပစ်ခဲ့တယ်။ နေရာမှာ ပွဲချင်းပြီးသေသွားတယ် " လို့ Yenanthar Youth Force - ရေနံချောင်းတပ်ဖွဲ့ တာဝန်ရှိတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ပျူခေါင်းဆောင်ဆိုသူဆီက ဖုန်း ၁ လုံး၊ ဓားရှည် ၁ လက်၊ ဓားအတို ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပျူခေါင်းဆောင်ဆိုသူက အာဏာသိမ်းကာလမှာ စစ်သား၊ ရဲတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အခွန်ကောက်တာတွေ၊ သံဃာတွေကို ဆဲဆိုပြောတာ၊ စစ်မှုထမ်းဥပဒေကိုလုပ်ကိုင်နေတာနဲ့ ပျူသင်တန်းပေးနေတာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့  ဆိုပါတယ်။

အခုလို စစ်တပ်ဒေါက်တိုင်ကို ရှင်းလင်းရာမှာ Yenanthar Youth Force ရေနံချောင်း၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်-နတ်မောက်၊ Magway Guerrilla Warfare -မကွေးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မကွေးခရိုင်အတွင်း  စစ်ကောင်စီက မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကိုအားပေး အကောင်အထည်ဖော်နေတဲ့ စစ်ကောင်စီရဲ့ဒေါက်တိုင်မှန်သမျှကို မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သိရပါတယ်။

ပုံစာ - သေနတ်နဲ့ပစ်ခံရသဖြင့် သေဆုံးသွားသည့် ပျူခေါင်းဆောင်ဆိုသူနှင့် သိမ်းဆည်းရရှိပစ္စည်းများ။

စာတည်း - ဇို

#မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်ကောင်စီ #ပျူစောထီး #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10