သေနတ်ပါလာတဲ့ လူငယ်တဦး ဆီဝင်ဖြည့်နေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရ

သေနတ်ပါလာတဲ့ လူငယ်တဦး ဆီဝင်ဖြည့်နေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က စက်သုံးဆီဆိုင်တဆိုင်မှာ ပစ္စတို ၁ လက်နဲ့ ကျည်အချို့ သယ်ဆောင်လာပြီး ဆီဝင်ဖြည့်တဲ့ လူငယ်အမျိုး သားတဦးကို သဲကုန်းရဲက ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ လင်းရွာက အသက် ၂၅ နှစ်အရွယ် ကိုမျိုးသက်ပိုင်ဦး ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက သဲကုန်းမြို့နယ်၊ ဇီးကုန်းရွာ၊  ဝက်ပုတ် - သဲကုန်း - ပေါင်းတလည်လမ်းပေါ်က HTN ဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်ဖို့စောင့်နေစဉ် ဆီဆိုင်ကိုရောက်ရှိလာတဲ့ အင်အား ၈ ဦးခန့်ပါ ရဲတပ်ဖွဲ့နဲ့တွေ့ကာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

“ ရဲတွေက ဆီဆိုင်ကိုလာစစ်တာလား၊  ဆီထည့်ဖို့လာတာလားတော့ မသိဘူး။ သူက မျက်စိမျက်နှာပျက်နေလို့ ရဲကရှာရင်းနဲ့ တွေ့သွားတာ။ သူကသဲကုန်းကို ဈေးဝယ်လာတာလို့ပြောတယ် ”လို့ သဲကုန်းမြို့ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အဆိုပါလူငယ်မှာပါလာတဲ့လွယ်အိတ်ထဲက တူရကီနိုင်ငံလုပ် အနက်ရောင် ၉ မမပစ္စတို ၁ လက်နဲ့ အဲ့ဒီကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးကို တွေ့ရှိလို့ ဖမ်းဆီးခံခဲ့ရသလို လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကိုမျိုးသက်ပိုင်ဦးကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို မသိရသလို မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့လည်း ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခံရသူနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်လာတာမျိုးမရှိသလို ဘယ်အဖွဲ့ အစည်းကဆိုတာကိုတော့ မသိရသေးပါဘူး။ 

ပုံစာ - ဖမ်းဆီးခံရသူနှင့် ယူဆောင်လာသည့် ပစ္စည်းများ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြည် #သဲကုန်း #လက်နက်ခဲယမ်း #လူငယ်အမျိုးသား #ဖမ်းဆီးခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10