သေနတ် ၃ လက်ယူပြီး အလင်းဝင်လာတဲ့ပျူစောထီးကို ဆုငွေ ကျပ်သိန်း ၁၀၀ ပေး

သေနတ် ၃ လက်ယူပြီး အလင်းဝင်လာတဲ့ပျူစောထီးကို ဆုငွေ ကျပ်သိန်း ၁၀၀ ပေး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မှာ ပျူစောထီးအဖွဲ့ဝင် ၁ ဦး အောက်တိုဘာ ၂၀ ရက်က သေနတ် ၃ လက်ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါခရိုင်အမှတ်  ၁၈ တပ်ရင်း (Yaw National Revolution Force) အဖွဲ့ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ ထီးလင်းမြို့၊ ရွှေထီးမြို့တော်ခန်းမမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးဖြစ်ပြီး ၎င်းကိုင်ဆောင်တဲ့ သေနတ်အပြင် အတူကင်းကျသူ ပျူစောထီးတွေရဲ့သေနတ်တွေကိုပါ ယူဆောင်ပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

" သူက ကျန်တဲ့သူတွေ(ပျူစောထီး ၂ ဦး)နဲ့အတူ  ကင်းကျတာ။ ဟိုလူတွေအိပ်ပျော်နေတုန်း သေနတ်တွေနဲ့ပစ္စည်းတွေယူပြေးလာတာ။ ည ၂ နာရီလောက်နေမယ်။" လို့ Yaw National Revolution Force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါပျူစောထီးတပ်ဖွဲ့ဝင်က BA 63 (G 3) သေနတ် ၂ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၇.၆၂ မမ ကျည် ၃၈ တောင့် ၊ ၄၀ မမ ဗုံးသီး ၅ လုံး နဲ့  icon-5 R (စကားပြောစက်) ၁ လုံး တို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်လာတာပါ။

အဲ့ဒီလိုလက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာသူ ပျူစောထီးကို ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်းက အောက်တိုဘာ ၂၄ ရက် ယမန်နေ့က Global Yaw Funding (GYF)မှ ကျပ်သိန်း ၅၀၊ အမှတ် ၁၈ တပ်ရင်းမှ ကျပ်သိန်း ၅၀ စုစုပေါင်း ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

ဂန့်ဂေါခရိုင်အမှတ်  ၁၈ တပ်ရင်း (Yaw National Revolution Force) အဖွဲ့ထံကို ယခုနှစ် ဇူလိုင် ၈ ရက်မှာ အင်ဂျင်နီယာတပ်က တပ်သား ကျော်မိုးဆွေ ၊ စက်တင်ဘာ ၁၁ ရက်မှာ တပ်သား ထက်လင်းအောင် တို့ သေနတ် ၁ လက်စီနဲ့ ကျည်အချို့ယူဆောင်ကာ ထွက်ပြေးခိုလှုံလာခဲ့လို့ ၁ ဦးကို ကျပ်သိန်း ၅၀ စီ ဆုငွေပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ထီးလင်း #ပျူစောထီး #အလင်းဝင် #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10