သောက်သုံးရေရှားပါးနေတဲ့ အညာက ဒေသခံတွေအတွက် S&C က သောက်ရေကန်ဆောက်လုပ်ပေး

သောက်သုံးရေရှားပါးနေတဲ့ အညာက ဒေသခံတွေအတွက် S&C က သောက်ရေကန်ဆောက်လုပ်ပေး

စစ်ကိုင်းတိုင်းအတွင်းက သောက်သုံးရေရှားပါးတဲ့ မြို့နယ်တွေက ဒေသခံတွေအတွက် စစ်ကိုင်းတိုင်းအခြေပြု S & C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က သောက်သုံးရေကန် ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။



ယင်းမာပင်မြို့နယ်ထဲက သောက်သုံး‌ရေရှားပါးတဲ့ဒေသတခုမှာ မတ်လ ၉ ရက်နေ့က ၁၀ ပေ ပတ်လည် ၈ ပေအနက် သောက်သုံးရေကန် ၁ ခု သွားရောက်တည်ဆောက်ပေးခဲ့တာဖြစ်ပြီး နွေရာသီသောက်သုံးရေရှားပါးတဲ့ နေရာတွေမှာ လိုက်လံဆောက်လုပ်ပေးမှာ ဖြစ်တယ်လို့ S & C အဖွဲ့တာဝန်ခံ တဦးက မြေလတ်အသံကို ပြောပါတယ်။



“ယင်းမာပင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်ထဲက ရွာတွေမှာ သောက်ရေကန်ကို ဆောက်လုပ်ပေးနေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ သောက်သုံးရေရှားပါးတဲ့နေရာတွေမှာ လိုက််ဆောက်ပေးတာပေါ့။ သောက်ရေကုန်ရင် ဖြည့်ပေးတဲ့အပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။ သောက်ရေရှားပါးတဲ့နေရာတွေရဲ့ နီးစပ်တဲ့ရွာတွေက ဒေသခံတွေလည်း အများအပြား အသုံးပြုနိုင်မှာပါ” လို့ ပြောပါတယ်။

အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေရဲ့ သောက်သုံးရေရှားပါးတဲ့နေရာတွေမှာ အဲ့ဒီလိုသောက်သုံးရေကန်တွေကို ဆက်လက်တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး လက်ရှိရေကန်ဟာ ဒုတိယမြောက်ဖြစ်တယ်လို့ ဆိုပါတယ်။



S & C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေး၊ မီးဘေး ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်နဲ့ စာသင်ကျောင်းတွေကို ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ဘေး၊ မီးဘေးရှောင်ကလေးတွေအတွက် စာသင်ကျောင်း ၅ ကျောင်းကိုလည်း ဆောက်လုပ်ပေးခဲ့ကာ ထပ်မံဆောက်လုပ်ပေးဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10