သဲကုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

သဲကုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို ဇူလိုင် ၅ ရက် မနေ့နေ့လယ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDFက ဇူလိုင် ၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

သဲကုန်းမြို့နယ်၊ ရုံးပင်တက်အုပ်စု၊ ရုံးပင်တက်ကျေးရွာက အသက် ၄၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း(ခ) ကုလားကြီးဖြစ်ပြီး သဲကုန်းမြို့က ဆိုင်ကယ်နဲ့တဦးတည်းပြန်လာချိန် နေ့လယ် ၁ နာရီခန့်မှာ ဖားစမ်းရွာထိပ်အရောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

 

 "ကျောကိုတချက်မှန်တယ်။ အပစ်ခံရအပြီး အုပ်ကြီးက လမ်းဘေးက အိမ်တအိမ်ထဲဝင်သွားတော့ ဆက်မပစ်လိုက်ရဘူး။ ပစ်ခတ်မယ့်အချိန်ရွာသားတချို့ လမ်းပေါ်ရောက်နေတဲ့အတွက် ထိန်းသိမ်းပစ်ခတ်ခဲ့ရတာ"လို့ PPDF သတင်းထောက်လှမ်းရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

 

ဒဏ်ရာရအုပ်ချုပ်ရေးမှူးကို စစ်အုပ်စုက သဲကုန်းမြို့နယ်ဆေးရုံကို ကားနဲ့သယ်ဆောင်သွားပြီး သူ့ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ သူပြောပါတယ်။

 

ကိုဇော်ဝင်းဟာ သူရဲ့နေအိမ်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို မကြာခဏခေါ်ယူကာ ကျေးရွာနေပြည်သူတွေကို စိတ်ဒုက္ခပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တိုက်ခိုက်မှုကို ပေါင်းတည်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွေဦးမောင်မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကလည်း သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့စျေးအနီးမှာ  ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင် နေရာမှာသေဆုံးပြီး ဆင်မြီးဆွဲရဲစခန်းက နယ်ထိန်းရဲ ဦးကျော်ကျော် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10